ဧည့်သည်တစ်ဦး ဓာတ်ပုံရိုက်ရန် ဟန်ပြင်စဉ် Uffizi ပြတိုက်ရှိ ပန်းချီကားတစ်ချပ်ကို ပျက်စီးစေခဲ့

News Image

  • ဧည့်သည်တစ်ဦး ဓာတ်ပုံရိုက်ရန် ဟန်ပြင်စဉ် Uffizi ပြတိုက်ရှိ ပန်းချီကားတစ်ချပ်ကို ပျက်စီးစေခဲ့

ဧည့်သည်တစ်ဦးသည် ဖလောရင့်မြို့ရှိ Uffizi ပြတိုက်တွင် ၁၇ ရာစုက ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို Selfie ဓာတ်ပုံရိုက်ရန် ဟန်ပြင်စဉ် နောက်ပြန်တိုက်မိပြီး ပျက်စီးစေခဲ့ကြောင်း ပြတိုက်၏ ထုတ်ပြန်ချက်ကို CNN က ဖော်ပြခဲ့သည်။

၎င်းဧည့်သည် သည် စနေနေ့ (ဇွန် ၂၁) က အဆိုပါကမ္ဘာကျော်ပြတိုက်သို့ လာရောက်လည်ပတ်စဉ် ပြတိုက်ရှိ ၁၆၉၅-၁၇၀၀ ခုနှစ်ဝန်းကျင်က Anton Domenico Gabbiani ရေးဆွဲခဲ့သော Tuscany မင်းသား Ferdinando de’ Medici ၏ ပုံတူကို မတော်တဆ ပျက်စီးစေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသခံမီဒီယာများတွင် နောက်ပိုင်းဖော်ပြခဲ့သည့် ဓာတ်ပုံများအရ မင်းသား Ferdinando de’ Medici ၏ ပုံတူပန်းချီကားပေါ်ရှိ ထောင့်နေရာတွင် အနည်းငယ်စုတ်ပြဲသွားကြောင်း မြင်တွေ့ရသည်။

ပျက်စီးမှုကြီးကြီးမားမားမရှိသော်လည်း မကြာမီပြန်လည်ပြသရန် စီစဉ် ထားပြီး ပန်းချီကားကို ပြင်ဆင်ရန်အတွက် ပြခန်းမှ ယာယီ ဖယ်ရှားခဲ့ရသည်။

အဆိုပါဖြစ်ရပ်ကြောင့် Uffizi ပြတိုက်အုပ်စု၏ ဒါရိုက်တာ Simone Verde က “ပြတိုက်များသို့ ဆိုရှယ်မီဒီယာတွင် ဖော်ပြရန် meme (ဟာသပုံ) များသို့မဟုတ် selfie ဓာတ်ပုံများ ရိုက်ကူးရန်အတွက်သာ လာရောက် ကြသည့် ဧည့်သည်များ၏ ပြဿနာ” ကို ရှုတ်ချသည့် ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

“မိမိတို့အနေဖြင့် ပိုမိုတင်းကြပ်သည့် ကန့်သတ်ချက်များကို သတ်မှတ်သွားမည်ဖြစ်ပြီး မိမိတို့အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို လေးစားမှုနှင့် မကိုက်ညီသော အပြုအမူများကို တားဆီးသွားမည်” ဟု CNN သို့ပေးပို့သည့် ထုတ်ပြန်ချက်တွင် ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြခန်းများသို့လာရောက်သူများက အကောင်းဆုံးဓာတ်ပုံရရှိရန် ကြိုးစားစဉ် ပြသထားသည့်ပစ္စည်းများကို မတော်တဆပျက်စီးစေသည့် ပြဿနာမှာ ပိုမိုများပြားလာနေသည်ဟု ဆိုသည်။ မကြာသေးမီ သီတင်းပတ်က Verona ရှိပြတိုက်တစ်ခုတွင် ခရစ္စတယ်များဖြင့်ပြုလုပ်ထားသော Vincent Van Gogh ၏ နာမည်ကျော်ပန်းချီကားတစ်ခု တင်ထားသည့်ခုံပေါ်တွင် ခရီးသွားတစ်ဦး ဓာတ်ပုံရိုက်ရန် လုပ်ဆောင်စဉ် ကြီးမားစွာ ထိခိုက် ပျက်စီးခဲ့သည်။

ဧပြီလတွင် နယ်သာလန်ရှိ ပြတိုက်တစ်ခုသို့ လည်ပတ်စဉ် ကလေး တစ်ဦးက ဒေါ်လာသန်းပေါင်းများစွာတန်သည်ဟုယူဆရသော Mark Rothko ၏ ကြီးမားသည့်ပန်းချီကားတစ်ချပ်ကို ပျက်စီးစေခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂