နားဖာချေးအတွင်းရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါကို ဖော်ထုတ်နိုင်ဖွယ်ရှိ

News Image

  • နားဖာချေးအတွင်းရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါကို ဖော်ထုတ်နိုင်ဖွယ်ရှိ

ပေကျင်း ဇွန် ၂၄

နားဖာချေးအတွင်းပါဝင်သည့် ဓာတုပစ္စည်းများကို စစ်ဆေးတိုင်းတာခြင်းဖြင့် ပါကင်ဆန်ရောဂါကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း ဇွန် ၂၃ ရက် သတင်းများအရ သိရသည်။

တရုတ် သုတေသနပညာရှင်များ၏ အဆိုအရ ပါကင်ဆန်ရောဂါလူနာများ၏ နားဖာချေးနှင့် ၎င်း ရောဂါမရှိသူများ၏ နားဖာချေးများမှာ ဓာတုဖွဲ့စည်းပုံအရ ကွဲပြားခြားနားကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျိကျန်း တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ပါကင်ဆန်လူနာ ၁ဝဝ နှင့် ၎င်းရောဂါမရှိသူ ၇၉ ဦးတို့ထံမှ နားဖာချေးနမူနာများကို လေ့လာခဲ့ကြသည်။

လေ့လာမှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ ပါကင်ဆန်လူနာများ၏ နားဖာချေးများထဲတွင် VOC ခေါ် ဓာတုပစ္စည်းအမျိုး လေးမျိုးထိရှိနေသည်ကို တွေ့ရကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောကြားသည်။

သို့ဖြစ်ရာ နားဖာချေးအတွင်းရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါ ရှိ၊ မရှိကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း တရုတ်သုတေသနပညာရှင်များက သုံးသပ်ထားသည်။

ဦးနှောက် အာရုံကြောရောဂါတစ်မျိုးဖြစ်သည့် ပါကင်ဆန် ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်း အတာအရ လူပေါင်း ၁ဝ သန်းထိ ခံစားနေကြရပြီး နှစ်စဉ်ရောဂါဖြစ်စဉ်သစ်ပေါင်း ၉ဝဝဝဝ ခန့်ထပ်တိုးနေကြောင်း တရုတ်သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: The Independent