အီရန်နိုင်ငံသည် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ်မှ နုတ်ထွက်ရန် ပြန်လည်စဉ်းစားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

  • အီရန်နိုင်ငံသည် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ်မှ နုတ်ထွက်ရန် ပြန်လည်စဉ်းစားနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်၏နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အမေရိကန်နှင့် အစ္စရေးတို့၏ အဏုမြူစက်ရုံများကို တိုက်ခိုက်မှုများနောက်ပိုင်းတွင် အဏုမြူလက်နက်မပြန့်ပွားရေး အဓိကစာချုပ် (NPT) အဖွဲ့ဝင်အဖြစ်မှ ပြန်လည်စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။

“မိမိတို့၏အဏုမြူစက်ရုံများကို တိုက်ခိုက်မှုသည် အီရန်၏ အနာဂတ်လမ်းကြောင်းအပေါ် ကြီးမားသောသက်ရောက်မှုရှိမည်” ဟု ၎င်းက ကာတာသတင်းဌာန Al Araby Al Jadeed သို့ ပြောကြားခဲ့သည်။

အီရန်သည် NPT (အဏုမြူလက်နက်မပြန့်ပွားရေးစာချုပ်) ခေါင်းစဉ်ဖြင့် နိုင်ငံတကာတွင် အဏုမြူလက်နက်များ မပြန့်ပွားစေရန်နှင့် အဏုမြူ နည်းပညာ၏ ငြိမ်းချမ်းရေးရည်ရွယ်ချက်ဖြင့် အသုံးပြုမှုကို မြှင့်တင်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ခုတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော မည်သည့်နိုင်ငံမဆို အဏုမြူလက်နက်မရှိပါက ၎င်းတို့ကို ရှာဖွေထုတ်လုပ်ရန် တားမြစ် ထားသည်။

NPT လိုက်နာမှုကို စောင့်ကြည့်သည့် ကုလသမဂ္ဂ၏ အဏုမြူ စွမ်းအင် အဖွဲ့ (IAEA) က မကြာသေးမီလများအတွင်း အီရန်၏ အဏုမြူ အစီအစဉ်နှင့်ပတ်သက်၍ မေးခွန်းများကို အဖြေမပေးနိုင်ကြောင်း အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။

အစ္စလာမ္မစ်သမ္မတနိုင်ငံဖြစ်သော အီရန်က ၎င်း၏အဏုမြူ အစီအစဉ်သည် ငြိမ်းချမ်းစွာအသုံးပြုရေးရည်ရွယ်ချက်ဖြင့်သာဖြစ်ကြောင်း အခိုင်အမာ ဆိုထားသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ ခုနှစ် တွင် အီရန်နှင့် အမေရိကန်အပါအဝင် နိုင်ငံတကာ အင်အားကြီး နိုင်ငံများ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်မှ ပထမ သက်တမ်းအတွင်း နုတ်ထွက်ပြီးနောက် ယူရေနီယမ်ကို လက်နက် ထုတ်လုပ် နိုင်သည့် အဆင့်နီးပါး သန့်စင်ခြင်းကို စတင်ခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်တွင် ထရမ့်က အီရန်၏အဏုမြူအစီအစဉ်ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ၎င်းအစီအစဉ်ကို အပြီးတိုင် ဖျက်ဆီးလိုက်ပြီ ဟု ပြောဆိုသော်လည်း ပင်တဂွန်မှ လျှို့ဝှက်ထုတ်ပြန်ချက်တစ်ခုအရ တိုက်ခိုက်မှုများသည် လအနည်းငယ်သာ နောက်ဆုတ်သွားစေနိုင်ကြောင်း ဖော်ပြခဲ့သည်။

“မိမိတို့သည် NPT ကို ကမ္ဘာ့အသိုင်းအဝိုင်းအား သစ္စာရှိစွာ လိုက်နာကြောင်း သက်သေပြရန်နှင့် ၎င်း၏ဘောင်အတွင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။ သို့သော် ကံမကောင်းစွာပင် အဆိုပါစာချုပ်သည် မိမိတို့ကိုဖြစ်စေ၊ မိမိတို့၏အဏုမြူ အစီအစဉ်ကို ဖြစ်စေ ကာကွယ်နိုင်ခြင်းမရှိပါ” ဟု အာရက်ချီက ပြောကြားခဲ့သည်။

အီရန်၏ အဆင့်အမြင့်ဆုံးသံတမန်က အီရန်က မည်သို့တုံ့ပြန်မည်ကို ဆွေးနွေးရန် အချိန်စောနေသေးကြောင်း ပြောကြားသော်လည်း အီရန်၏ “အဏုမြူအစီအစဉ်နှင့် လက်နက်မပြန့်ပွားရေးစနစ်အပေါ် အမြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပြီး မည်သည့်လမ်းကြောင်းသို့ ဦးတည်မည်ကို မိမိအနေဖြင့် မပြောနိုင်သေးပါ” ဟု ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: yenisafak.com

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂