ဗီယက်နမ်နိုင်ငံသည် ပြည်သူ့ငွေအလွဲသုံးစားမှုများအတွက် သေဒဏ် စီရင်ခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည်

News Image

  • ဗီယက်နမ်နိုင်ငံသည် ပြည်သူ့ငွေအလွဲသုံးစားမှုများအတွက် သေဒဏ် စီရင်ခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည်

ဗီယက်နမ်နိုင်ငံသည် လာမည့်လမှစ၍ ပြည်သူ့ငွေအလွဲသုံးစားမှုနှင့် အစိုးရကိုဖယ်ရှားရန် လုပ်ဆောင်မှုအပါအဝင် ရာဇ၀တ်မှု (၈) မျိုး အတွက် သေဒဏ်စီရင်ခြင်းကို ရပ်စဲမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ပါလီမန်မှကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ဖြင့် ဒေါ်လာ ၁၂ ဘီလီယံ အလွဲသုံးစားမှုတွင် ပါဝင်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦး၏ အသက်ကိုလည်း ကယ်တင်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်၏ ဥပဒေပြုအဖွဲ့ဖြစ်သော အမျိုးသားလွှတ်တော်သည် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) နံနက်ပိုင်းတွင် ပြစ်မှုဆိုင်ရာဥပဒေပြင်ဆင်ချက်ကို အတည်ပြုကာ အဆိုပါရာဇ၀တ်မှုများအတွက် သေဒဏ်စီရင်ခြင်းကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်သတင်းအေဂျင်စီ (VNA) ၏ဖော်ပြချက်အရ အခြားသေဒဏ်မှ ကင်းလွတ်မည့် ရာဇ၀တ်မှုများတွင် နိုင်ငံတော်ပိုင်ပစ္စည်းများဖျက်ဆီးမှု၊ အတုဆေးဝါးထုတ်လုပ်မှု၊ ငြိမ်းချမ်းရေးအန္တရာယ်ဖြစ်စေမှု၊ ကျူးကျော်စစ် ဆင်နွှဲရန်လှုံ့ဆော်မှု၊ သူလျှိုလုပ်မှုနှင့် မူးယစ်ဆေးဝါးသယ်ဆောင်မှုတို့ ပါဝင်သည်။

အဆိုပါရာဇ၀တ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်သက်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁ ရက်မတိုင်မီက အဆိုပါရာဇ၀တ်မှုများအတွက် သေဒဏ် ချမှတ်ခံထားရသော်လည်း ကွပ်မျက်ခြင်းမခံရသေးသူများမှာ ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲခံရမည်ဟု သတင်းတွင် ဖြည့်စွက် ဖော်ပြထားသည်။

သေဒဏ်ချမှတ်ခံထားရသူများထဲတွင် အိမ်ခြံမြေဖွံ့ဖြိုးရေးကုမ္ပဏီ Van Thinh Phat Holdings Group ၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်ကြီး ထရုန်းမီလန် (Truong My Lan) လည်း ပါဝင်မည်ဖြစ်သည်။ သူမအား လွန်ခဲ့သည့်နှစ်က ပြည်သူ့ငွေအလွဲသုံးစားမှုတွင် ပါဝင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။

လန်၏ခုခံရေးအဖွဲ့တွင် မပါဝင်သော ရှေ့နေ ငိုအန်းကျွမ်း (Ngo Anh Tuan) က Reuters သို့ပြောကြားရာတွင် “ပြစ်မှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်အရ သူမ၏ပြစ်ဒဏ်သည် အလိုအလျောက် ထောင်ဒဏ်တစ်သက်သို့ လျှော့ချ ခံရမည်” ဟု ဖြေကြားခဲ့သည်။

သတင်းများအရ ဗီယက်နမ်တွင် သေဒဏ်ကျခံရမည့် ရာဇ၀တ်မှု (၁၀) မျိုး ရှိပြီး ၎င်းတို့တွင် လူသတ်မှု၊ နိုင်ငံတော်သစ္စာဖောက်မှု၊ အကြမ်းဖက်မှုနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတို့ ပါဝင်သည်။ ထို့အပြင် မူးယစ်ဆေးဝါးမှောင်ခိုမှုသည်လည်း သေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်မှု အဖြစ် ဆက်လက်တည်ရှိမည်ဖြစ်သည်။

ဗီယက်နမ်တွင် သေဒဏ်ဆိုင်ရာကိန်းဂဏန်းများကို နိုင်ငံတော် လျှို့ဝှက်ချက် အဖြစ် သတ်မှတ်ထားပြီး လက်ရှိတွင် သေဒဏ်ကျခံရမည့် အကျဉ်းသားမည်မျှရှိသည်ကို တိတိကျကျ မသိရပေ။ ၂၀၁၁ ခုနှစ်တွင် တပ်ဖွဲ့ဝင်များမှ ပစ်ခတ်စီရင်ခြင်းနည်းလမ်းကို ဖျက်သိမ်းပြီးနောက် ဆေးထိုးစီရင်ခြင်းသည်သာ တစ်ခုတည်းသော တရားဝင် ကွပ်မျက်ရေး နည်းလမ်းဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂