ထရမ့်က ယူကရိန်းအတွက် အနာဂတ်အကူအညီများကို စဉ်းစားမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအား Patriot လေကြောင်းကာကွယ်ရေးစနစ်များ ထပ်မံထောက်ပံ့မည့် အခြေအနေကို မေးမြန်းခဲ့မှု အပေါ် စဉ်းစားမည်ဟု ပြောကြားခဲ့သည်။
NATO ထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံပြီးနောက် The Hague တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ BBC ယူကရိန်းသတင်းထောက်က “အမေရိကန်က အဆိုပါဒုံးကျည်တွေကို ထောက်ပံ့မှာလား” ဟု မေးမြန်းရာတွင် ထရမ့်က”ထိုစနစ်တွေကို ရရှိဖို့ အလွန်ခက်ခဲပါသည်” ဟု ပြန်လည်ဖြေကြားကာ အမေရိကန်အနေဖြင့်လည်း ၎င်းတို့ကို လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အစ္စရေးသို့ Patriot အချို့ ပို့နေ ရကြောင်း ဖော်ပြကာ ၎င်း၏အစိုးရအနေဖြင့် “အဆိုပါ Patriot အနက်အချို့ကို ရနိုင်၊ မရနိုင်ကြည့်မည်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါတွေ့ဆုံပွဲမတိုင်မီက ဇီလန်စကီးက အမေရိကန်က လှူဒါန်းရန် ငြင်းဆိုပါက ယူကရိန်းအနေဖြင့် ၎င်းစနစ်များကို ဝယ်ယူရန် အဆင်သင့် ရှိပြီး “အမေရိကန်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများကို ပံ့ပိုးမည်” ဟု ပြောကြားခဲ့သည်။ ယခင်က ဇီလန်စကီးက Patriot စနစ်သာ ရုရှား၏ ဒုံးကျည်များကို အထိရောက်ဆုံး တန်ပြန်နိုင်သည်ဟု အခိုင်အမာ ဆိုခဲ့ သော်လည်း မော်စကိုက ယင်း၏ထိရောက်မှုကို ငြင်းဆိုထားသည်။ ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ Yury Ignat ကလည်း လွန်ခဲ့သော လက Le Monde နှင့် တွေ့ဆုံခန်းတွင် Patriot စနစ်၏ ကန့်သတ်ချက် များကို ဝန်ခံခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလအထိ ယူကရိန်းတွင် Patriot စနစ် ၆ စုံ အသင့် လည်ပတ်နေပြီး အများစုမှာ အမေရိကန်နှင့် ဂျာမနီတို့မှ လှူဒါန်းကာ နယ်သာလန်နှင့် ရိုမေးနီးယားတို့က အပိုပစ္စည်းများ ထောက်ပံ့ထားသည်။ ဇီလန်စကီးက ယူကရိန်းအနေဖြင့် Patriot စနစ် ၂၅ စုံ ရရှိရန် ရည်မှန်း ထားပြီး ဥရောပမှ ပံ့ပိုးသူများအား အခြား ၁၀ စုံကို ဒေါ်လာ ၁၅ ဘီလီယံ အကုန်ခံဝယ်ရန် တိုက်တွန်းခဲ့သည်။ သို့သော် ထရမ့်အစိုးရက ယင်းအဆို ကို အိပ်မက်သဖွယ် ပယ်ချခဲ့သည်။
NATO နိုင်ငံများက ယူကရိန်းအား ကတိပြုထားသော ဒေါ်လာ ၅ ဘီလီယံ စစ်ရေးအကူအညီတွင် အမေရိကန်က ပါဝင်ထောက်ပံ့မှုနှင့် ပတ်သက်၍ တိုက်ရိုက်မေးမြန်းခံရသည့်အခါ ထရမ့်က သတင်းထောက်များအား “စစ်ပွဲများ ရပ်တန့်ရမည်” ဟုသာ လိုတိုရှင်း ပြန်လည် ဖြေကြား ခဲ့သည်။
ထရမ့်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီတွင် ရာထူးတာဝန် စတင် ထမ်းဆောင်ကတည်းက ယူကရိန်းပဋိပက္ခကို ညှိနှိုင်းဖြေရှင်းရန် တွန်းအားပေးလျက် ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှေးကွေးမှုအပေါ် စိတ်မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ၎င်းက ပဋိပက္ခကို အဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် စကားပြောရန်အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမည်ကိုမူ မဖော်ပြခဲ့ပေ။ ယခုသီတင်းပတ်အစောပိုင်းက ၎င်းက စစ်ပွဲရပ်တန့်ရန် “ရုရှားနှင့် သဘောတူညီမှုရရန်” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မော်စကိုဘက်မှ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ အခြေအနေအရပ်ရပ်ကို လက်ခံသည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း ထပ်လောင်း ပြောကြားထားပြီး မည်သည့်သဘောတူညီမှုမဆို မြေပြင်အခြေအနေနှင့်ကိုက်ညီပြီး ယူကရိန်း၏ ကြားနေမှုကို အခြေခံရမည်ဟု အလေးပေး ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂