ထရမ့်၏ ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ်ကို ယခုနှစ်အတွင်း လုပ်ဆောင်မည်ဟု ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်
ဗြိတိန်နိုင်ငံသည် ယခုနှစ်အတွင်း ဒေါ်နယ်ထရမ့်အား နိုင်ငံတော်အဆင့် ဧည့်ခံပွဲကျင်းပမည်ဖြစ်သော်လည်း ဘုရင် ချားလ်စ် နှင့် အမေရိကန် သမ္မတ တို့သည် နွေရာသီကာလအတွင်း သာမန်တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း CNN သတင်းအရ သိရှိရသည်။ အကြောင်းမှာ ၎င်းတို့၏ အလုပ်အချိန် ဇယားများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
“Manu Regia” (ဘုရင်မှ လက်မှတ်ရေးထိုးသော တရားဝင် ဖိတ်ကြားလွှာ)ကို လွန်ခဲ့သော သီတင်းပတ်က ဗြိတိန်သံရုံး ကိုယ်စားလှယ်များမှ အိမ်ဖြူတော်သို့ ကိုယ်တိုင် ပို့ဆောင်ခဲ့သည်။
ဖေဖော်ဝါရီလက ဗြိတိန်ဝန်ကြီးချုပ်မှ တိုက်ရိုက်ပေးပို့ခဲ့သောစာတွင် ဘုရင် ချားလ်စ် (၇၆ နှစ်) သည် ထရမ့်နှင့် စကော့တလန်ရှိ Dumfries House (သို့) Balmoral တွင် တွေ့ဆုံရန် အဆိုပြုခဲ့သော်လည်း အချိန် ဇယား ပြင်ဆင်ရန် အခက်အခဲများကြောင့် ၎င်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်။ သို့ရာတွင် နိုင်ငံတော်ခရီးစဉ်မတိုင်မီ သီးသန့်တွေ့ဆုံနိုင်မှု မရှိခြင်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးမှ အကြောင်းပြချက်ကို နားလည် လက်ခံထားကြောင်း သိရသည်။
နန်းတော်မှ အကြံပေးတစ်ဦးက CNN သို့ ပြောကြားရာတွင် “ဘုရင်မင်းမြတ် သည် သမ္မတ ထရမ့်နှင့် နှစ်ပေါင်းများစွာ သိကျွမ်းပြီး ယခုနှစ် နှောင်းပိုင်း တွင် ၎င်းနှင့် First Lady (သမ္မတကတော်) တို့အား ဧည့်ခံရန် စောင့်မျှော် လျက်ရှိပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ နန်းတော်မှ လာရောက်မည့် ခရီးစဉ်ကို အတည်ပြုလိုက်ခြင်းဖြင့် သမ္မတထရမ့်၏ နိုင်ငံတော်အဆင့် ခရီးစဉ်အတွက် တရားဝင်စီစဉ်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ အချိန်အတိအကျ မသတ်မှတ်ရသေးသော်လည်း စက်တင်ဘာလအတွင်း အများဆုံးဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းကြသည်။
၂၀၁၉ ခုနှစ်က သမ္မတထရမ့်၏ ပထမသက်တမ်းအတွင်း နှောင်းပိုင်း ကာလတွင် ဘုရင်မကြီး အဲလိဇဘက် ၂ က ၎င်းအား ဗြိတိန်သို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ် ဖိတ်ခေါ်ခဲ့ဖူးသည်။ ပုံမှန်အားဖြင့် ဒုတိယသက်တမ်းရှိ သမ္မတများကို Windsor Castle တွင် ဘုရင်နှင့် နေ့လယ်စာ (သို့) လက်ဖက်ရည်ပွဲဖြင့်သာ ဧည့်ခံလေ့ရှိသည်။ သမ္မတ ဘာရက် အိုဘားမား နှင့် ဂျော့ခ်ျ ဒဗလျူ ဘုရှ်တို့အပေါ် ထိုသို့လုပ်ဆောင်ခဲ့ဖူးသည်။
သို့သော် လွန်ခဲ့သော လေးလက ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ဝါရှင်တန်ဒီစီသို့သွားရောက်စဉ် ဘုရင်၏ကိုယ်စား ဒုတိယအကြိမ်မြောက် “မကြုံစဖူး” နိုင်ငံတော်ခရီးစဉ်ကို ကမ်းလှမ်းခဲ့ရာ ထရမ့်က လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂