ဘရာဇီးလ်သမ္မတ လူလာက ထရမ့်အား လူမှုကွန်ရက်အသုံးပြုမှု လျှော့ချရန် အကြံပြု

News Image

  • ဘရာဇီးလ်သမ္မတ လူလာက ထရမ့်အား လူမှုကွန်ရက်အသုံးပြုမှု လျှော့ချရန် အကြံပြု

ဘရာဇီးလ်သမ္မတ Luiz Inacio Lula da Silva က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လူမှုကွန်ရက်ပေါ်တွင် အချိန်များစွာမဖြုန်းဘဲ ၎င်း၏နိုင်ငံကို အုပ်ချုပ်ရန် အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လအစောပိုင်းက The Independent သတင်းဌာန၏ ဖော်ပြချက်အရ ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်သို့ ပြန်ရောက် ပြီးနောက် ၎င်း၏ Truth Social ပလက်ဖောင်းပေါ်တွင် ပြည်တွင်း၊ ပြည်ပ အရေးကိစ္စများနှင့်ပတ်သက်၍ ပျမ်းမျှ တစ်နေ့လျှင် ၁၇ ကြောင်းနှုန်းဖြင့် စုစုပေါင်း ပို့စ် ၂,၁၀၀ ကျော် ရေးတင်ခဲ့သည်။

အထူးသဖြင့် ယခုလအတွင်း အစ္စရေးနှင့် အီရန် တို့ကြား ၁၂ ရက်ကြာ ပဋိပက္ခဖြစ်ပွားစဉ်က ထရမ့်သည် Truth Social တွင် အမေရိကန် ကြားဝင် စေ့စပ်ထားသည့် စစ်ရပ်စဲရေးကို နှစ်ဖက်စလုံးက မချိုးဖောက်ရန် သတိပေးချက်များ အပါအဝင် ပိုမိုတက်ကြွစွာ ရေးသားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် g1 သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ လူလာက ထရမ့်၏ လူမှုကွန်ရက်အလွန်အကျွံအသုံးပြုမှုကို ဝေဖန်ကာ “ဒီအရှုပ်တော်ပုံကမ္ဘာမှာ အမေရိကန်လို နိုင်ငံကြီး၏ သမ္မတဖြစ်သူသည် ၎င်း၏စကားကို သေချာဂရုစိုက်ပြောသင့်ကြောင်း၊ အင်တာနက်ကို အချိန်လျှော့သုံးပြီး နိုင်ငံ့တာဝန်ကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေး၊ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးတို့ကို ပိုမိုစဉ်းစားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“စာနယ်ဇင်းတွေမှာ နေ့တိုင်း မိမိတို့ ဘာတွေမြင်နေရသလဲ၊ ခေါင်းကြီးပိုင်း တွေ လိုအပ်နေပါသည်” ဟု ဘရာဇီးလ် ခေါင်းဆောင်က ပြောကြား ခဲ့သည်။

ဧပြီလအတွင်းက The Atlantic နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ထရမ့် က ၎င်း၏ Truth Social ပို့စ်များကို မည်ကဲ့သို့ ရေးသားသည်ဆိုခြင်းကို ဖွင့်ဟခဲ့သည်။ “မိမိအနေဖြင့် ပို့စ်များကို ကိုယ်တိုင်ရေးသားကြောင်း၊ ရံဖန်ရံခါတွင် အသံသွင်းကြောင်း၊ ကိုယ်ပိုင်အချိန်ထဲမှ လု၍ အမြန် လုပ်ဆောင်ရကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ကိုယ်တိုင်သာ ပြုလုပ်ကြောင်း” ဆိုသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Taylor Rogers က ယခင်က ထရမ့်၏ လူမှုမီဒီယာအသုံးပြုမှုကို ကာကွယ်ပြောဆိုခဲ့ပြီး “သမိုင်းတစ်လျှောက် အပွင့်လင်းဆုံး သမ္မတဖြစ်စေပြီး အမေရိကန်ပြည်သူများနှင့် တိုက်ရိုက် ဆက်သွယ်ကာ ၎င်း၏မူဝါဒများ၊ သတင်းစကားများနှင့် အရေးကြီး ကြေညာချက်များကို ဖြန့်ဝေနိုင်ပါသည်” ဟု ဆိုခဲ့သည်။

လူလာသည် ယခင်ဘရာဇီးလ်သမ္မတ Jair Bolsonaro နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့သော ထရမ့်ကို မကြာသေးမီလများအတွင်း အကြိမ်ကြိမ် ဝေဖန် ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းက ၎င်းက အမေရိကန်သမ္မတကို “ကမ္ဘာကြီးကို အုပ်ချုပ်ဖို့မဟုတ်ဘဲ ၎င်း၏နိုင်ငံကိုအုပ်ချုပ်ဖို့ ရွေးကောက် တင်မြှောက်ခံရတာ” ဟု ပြောခဲ့သည်။

မတ်လအတွင်းက ဝါရှင်တန်မှ ကြေညာခဲ့သည့် အကောက်ခွန်ဆိုင်ရာ အခြေအနေတင်းမာမှုများကြား၌ လူလာက “ထရမ့်က အဲဒီကနေအော်နေ၍ အဓိပ္ပာယ်မရှိပါ။ မိမိအနေဖြင့် ဒေါသထွက်နေသည့် မျက်နှာကို မကြောက်တတ်အောင် သင်ယူထားပြီးပြီ” ဟု ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂