ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့်ကလေးများ မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးများအား မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၁၀)အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသည့် ကလေးများအတွက် မွေးဖွားကြောင်းကို မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် ပုံစံများ ဖြည့်စွက်၍ မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ မှတ်ပုံတင်နိုင်ကြောင်း ဖော်ပြထားသည်။
မှတ်ပုံတင်ရာတွင် ကလေးမွေးဖွားကြောင်း မွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်) နှင့်အတူ မွေးဖွားသည့် နေ့မှစ၍ တစ်နှစ်အတွင်း မိဘ (သို့မဟုတ်) အုပ်ထိန်းသူက မြန်မာသံရုံး၊ ဗန်ကောက်မြို့ (သို့မဟုတ်) မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့သို့ လာရောက်၍ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားခြင်းမှတ်တမ်း (ပုံစံ နိုင်-၈) ပူးတွဲ(က)ပါကို ဖြည့်စွက်၍ လာရောက်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
Document
ယင်းသို့မှတ်ပုံတင်ရာတွင် မိဘနှစ်ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ မိဘနှစ်ပါး၏ လျှောက်လွှာနှင့် ဝန်ခံကတိပြုချက်မိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး ကောင်စစ်အရာရှိများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက်ရယူခြင်း၊ နိုင်ငံတော် ပြင်ပတွင် မွေးဖွားသော နိုင်ငံသားအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ခြင်း၊ မိဘ၏ နိုင်ငံသားလက်မှတ်တွင် အမည်ထည့်သွင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်းမှတ်ပုံတင်ပြီးပါက ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်လျင် စာရွက် စာတမ်းများ ပူးတွဲ(ခ)နှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) ကိုမြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့၌ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားရန်
(က) ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးအချက်အလက်ပုံစံများ (ဓာတ်ပုံကပ်လျက်)
(ခ) ကလေးမွေးစားရင်းမိတ္တူ (ထိုင်း/အင်္ဂလိပ်)
(ဂ) မိဘ (၂)ပါး၏ မြန်မာနိုင်ငံကူးလက် မှတ်မိတ္တူ၊ သက်တမ်းရှိဗီဇာမိတ္တူ
(ဃ) မိဘ (၂)ပါး၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
(င) လက်ထပ်စာချုပ်မိတ္တူနှင့်မိဘများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေပါက အလုပ်လုပ်ခွင့်ပါမစ် မိတ္တူနှင့်အတူ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဝင်ငွေခွန်ပေးဆောင်ထားသည့် အထောက်အထား မိတ္တူ လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားလာမှုအပေါ် မြန်မာသံရုံး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ထံသို့ တင်ပြ၍ ခွင့်ပြုချက် ရယူရမည်ဖြစ်သဖြင့် အချိန်ကာလ ခန့်မှန်း (၄လ)ခန့်ကြာမြင့်နိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသားမိဘနှစ်ပါးမှ ထိုင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးများအတွက် မြန်မာနိုင်ငံကူးလက်မှတ်အသစ် (မွေးတိုး) မလျှောက်ထားဘဲ မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ဆောင်လိုပါက တစ်ခါသုံးမည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (One way Certificate of Identity- CI) ကို
(က) ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးအချက်အလက်ပုံစံများ (ဓာတ်ပုံကပ်လျက်)
(ခ) ကလေးမွေးစားရင်းမိတ္တူ (ထိုင်း/အင်္ဂလိပ်)
(ဂ) မိဘ (၂)ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ သက်တမ်းရှိဗီဇာမိတ္တူ၊ အလုပ်လုပ်ခွင့်ပါမစ်မိတ္တူ
(ဃ) မိဘ (၂)ပါး၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
(င) လေယာဉ်လက်မှတ်မိတ္တူ
(စ) ကလေးအတွက် CI လျှောက်ထားခြင်း ပုံစံ (ပူးတွဲ-ဂ)(မိခင်သို့မဟုတ် ဖခင်တစ်ဦးဖြင့်သာ ကလေးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်မည်ဆိုပါက ကျန်မိဘတစ်ဦးက ကန့်ကွက်ရန်မရှိကြောင်း ကတိခံဝန်ချက်တို့ဖြင့် လျှောက်ထားရယူနိုင်ကြောင်း ၊ပုံစံလျှောက်လွှာများကိုမြန်မာသံရုံး၊ ဗန်ကောက်မြို့၌ အခမဲ့ရယူနိုင်ကြောင်းလည်း သိရသည်။
Source - MT News