ကော်ဖီသောက်သုံးမှုက အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ပညာရှင်များပြောကြား

News Image

  • ကော်ဖီသောက်သုံးမှုက အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ပညာရှင်များပြောကြား

လန်ဒန်  ဇွန် ၃၀

ကော်ဖီသောက်သုံးမှုသည် အသက်ရှည်ရေးအတွက် အထောက်အကူပြုနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇွန် ၂၉ ရက် သတင်းများအရ သိရသည်။

ဗြိတိန်နိုင်ငံ ကွင်းမေရီတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ ကော်ဖီတွင်ပါဝင်သည့် ကဖင်းဓာတ်သည် ဆဲလ်များကြီးထွားမှု၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစား ပြင်ဆင်နိုင်မှုနှင့် ဖိအားကို တုံ့ပြန်မှုတို့အပေါ် အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။

ဓာတ်ခွဲခန်းစမ်းသပ်မှုရလဒ်များအရ ကဖင်းဓာတ်သည် AMPK ခေါ်  ဇီဝစွမ်းအင်ပြန်လည်ဖြည့်တင်းမှုစနစ်နှင့် ဆဲလ်များကို ချိတ်ဆက်ပေးနိုင်သည်ကို တွေ့ရကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

AMPK စွမ်းအင်ပြန်လည်ဖြည့်တင်းမှုစနစ်သည် ဆဲလ်များကို ပြုပြင်ထိန်းသိမ်းပေးသည်ဖြစ်ရာ ၎င်းစနစ်နှင့် ထိတွေ့နိုင်သော ဆဲလ်များမှာ ဇီဝသက်တမ်းအိုမင်းမှု ပို၍နှေးကွေးလာပြီး ဖိအားများကို တုံ့ပြန်ရာတွင် ပို၍ ထိရောက်လာကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ကဖင်းဓာတ်သည် လူတို့၏ ကျန်းမာရေးနှင့် အသက်ရှည်ရေးတို့အတွက် အထောက်အကူပြုနိုင်သည်ကို တွေ့ရသည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: New York Post