ဒလတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာ
ရန်ကုန် -ဒလ မြစ်ကူးတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို လာမည့် ၄ လအတွင်း ပြီးစီးရန် ခန့်မှန်းထားကြပြီး တံတားပြီးစီးချိန် နီးလာသည်နှင့်အမျှ ဒလမြို့ဘက်ခြမ်းတွင်ရှိသည့် တံတားအဆင်း ဗိုလ်မင်းရောင်လမ်းနှင့် အနီးတဝိုက်ရှိ အိမ်ခြေမြေဈေးများ လှုပ်ခတ်လာကြောင်း သိရသည်။
"တံတားကပြီးတော့မယ်ဆိုတော့ အိမ်ဈေး၊ မြေဈေးတွေကလည်း ထိုးတတ်လာတာ။ ဒီနေ့တစ်ဈေးခေါ်ရင် နောက်နေ့တစ်ဈေးဖြစ်သွားရော။ အဲဒါတွေကျတော့ အဆင်မပြေဘူး။ ဈေးကစားကြတာတော့ ပွဲစားတိုင်းပါပဲ” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
တံတားအဆင်း ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ လမ်းဘေးဝဲယာရှိ ခြံတိုင်းလိုလို ရောင်းချထားပြီး ပေ ၄၀ x ၆၀ ကို အိမ်အပါ မြေကွက်တကွက်လျှင် ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။
Popular Myanmar