ဂြိုဟ်တုဓာတ်ပုံများအရ အမေရိကန်မှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော အီရန် နျူကလီးယားစက်ရုံတွင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေ

News Image

  • ဂြိုဟ်တုဓာတ်ပုံများအရ အမေရိကန်မှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော အီရန် နျူကလီးယားစက်ရုံတွင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြနေ

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များက ပြီးခဲ့သည့်တစ်ပတ်ကျော်က တိုက်ခိုက်ခဲ့သော အီရန် Fordow နျူကလီးယား စွမ်းအင်မြှင့်တင်ရေး စက်ရုံတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်း ဂြိုဟ်တု ဓာတ်ပုံ အသစ်များက ဖော်ပြနေသည်။

Maxar Technologies က တနင်္ဂနွေနေ့ (ဇွန် ၂၉) က ရိုက်ကူးရရှိခဲ့သည့် ဓာတ်ပုံများအရ “လွန်ခဲ့သောသီတင်းပတ်က Fordow လောင်စာ စွမ်းအင် မြှင့်တင်ရေးစက်ရုံအား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော လေဝင်လေထွက်ပေါက်များနှင့် ဂိတ်ပေါက်များတွင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း” ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံများတွင် “တူးဖော်ရေးစက်တစ်လုံးနှင့် ဝန်ထမ်းများစွာသည် မြေအောက်စက်ရုံ၏ အထက်ဘက်ရှိ လေဝင်လေထွက်ပေါက်အနီးတွင် တည်ရှိနေပြီး ကရိန်းစက်သည် အဆိုပါအပေါက်ဝတွင် အလုပ်လုပ် နေဟန် ရှိသည်” ဟု ဖော်ပြထားသည်။

Maxar ၏ အဆိုအရ စက်ရုံသို့ သွားရောက်နိုင်ရန် တည်ဆောက်ထားသော လမ်းတစ်လျှောက်တွင် ယာဉ်အချို့ကို ထပ်မံတွေ့ရှိရသည်ဟု ဆိုသည်။

ယခုလအစောပိုင်းတွင် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များက Fordow နှင့် Natanz နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမေရိကန် ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့သော Tomahawk ဒုံးကျည်များက အီရန် အလယ်ပိုင်းရှိ Isfahan စက်ရုံကိုလည်း ထိမှန်ခဲ့သည်။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ Dan Caine ၏ အဆိုအရ Massive Ordnance Penetrator (MOP) ဗုံးများသည် Fordow ရှိ လေဝင်လေထွက်ပေါက်နှစ်ခုကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောသီတင်းပတ်က ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “Fordow သို့ ပစ်ချခဲ့သော ဗုံးအများစုသည် အဓိကလေဝင် လေထွက် ပေါက်မှတစ်ဆင့် တစ်စက္ကန့်လျှင် ပေ ၁၀၀၀ ကျော်နှုန်းဖြင့် စက်ရုံ အတွင်း သို့ ဝင်ရောက်ကာ ပစ်မှတ်နေရာတွင် ပေါက်ကွဲစေရန် ဒီဇိုင်း ပြုလုပ် ထားကြောင်း” ရှင်းပြခဲ့သည်။

ယခုအခါ Institute for Science and International Security ကို ဦးဆောင်နေသော ယခင်နျူကလီးယားစစ်ဆေးရေးမှူး David Albright က စနေနေ့က Fordowမှရရှိသော ဓာတ်ပုံများတွင် “အီရန်တို့သည် စက်ရုံ ရှိ လေဝင်လေထွက်ပေါက်များကို ထိုးဖောက်ဝင်ရောက်ခဲ့သော MOP ဗုံးသက်ရောက်မှုနေရာနှစ်ခုတွင် တက်ကြွစွာ လုပ်ဆောင်နေကြောင်း” ပြောကြားခဲ့သည်။

Albright ၏ အကဲဖြတ်ချက်အရ အဆိုပါ လုပ်ဆောင်မှုများတွင် “ဗုံးဒဏ် ကြောင့်ထိခိုက်ပျက်စီးခဲ့သော နေရာများကို ပြန်လည်ပြုပြင်ခြင်း၊ နည်းပညာ ပိုင်းဆိုင်ရာပျက်စီးမှုများကို သုံးသပ်ခြင်းနှင့် ရေဒီယိုသတ္တိကြွ နမူနာ ယူခြင်းများ ပါဝင်နိုင်ပြီး အဓိကလေဝင်လေထွက်ပေါက်အထက်ရှိ ဗုံးဒဏ် ကြောင့် ဖြစ်ပေါ်ခဲ့သော အခေါင်းပေါက်များမှာ ယခုထိ ပွင့်နေဆဲ ဖြစ်ကြောင်း” ဖော်ပြထားသည်။

Albright က X (Twitter) တွင် “အီရန်တို့သည် အဓိက ဝင်ပေါက်လမ်း ပေါ်ရှိ ဗုံးကြဲမှုကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို ရက်ပိုင်းအတွင်း အလျင်အမြန်ပြင်ဆင်ခဲ့သည်ကို မိမိတို့မြင်တွေ့ရသော်လည်း ဥမင်လိုဏ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းမှုများကိုမူ ယခုအချိန်ထိ မည်သည့်လက္ခဏာမျှမတွေ့ရပါ” ဟု ရေးသားဖော်ပြခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂