မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

News Image

  • မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

01 July 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်(ခ)ဘိုကွီး(၅၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA