NATO အဖွဲ့ဝင်နိုင်ငံ ဒိန်းမတ်တွင် အမျိုးသမီးများ စစ်မှုထမ်းဆောင်ရမည်

News Image

  • NATO အဖွဲ့ဝင်နိုင်ငံ ဒိန်းမတ်တွင် အမျိုးသမီးများ စစ်မှုထမ်းဆောင်ရမည်

ဒိန်းမတ်နိုင်ငံတွင် အမျိုးသမီးများအား မဝင်မနေရ စစ်မှုထမ်းဆောင်ရန် ခေါ်ယူမည့် ဥပဒေပြင်ဆင်ချက်ကို လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် က ပါလီမန်မှ အတည်ပြုလိုက်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ဒိန်းမတ်နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော NATO ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ရုရှား၏ ခြိမ်းခြောက် မှုကို ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လာခြင်းနှင့် ဆက်စပ် နေပါသည်။ ပြီးခဲ့သော သီတင်းပတ်က နယ်သာလန်နိုင်ငံ၊ The Hague တွင် ကျင်းပသော NATO အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ 

၂၀၂၃ ခုနှစ် မေလတွင် ဥရောပသမဂ္ဂသည် ၎င်း၏ စစ်ရေး တည်ဆောက်မှုအတွက် ယူရို ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၁ ဘီလီယံ) ချေးငွေ အစီအစဉ်ကို အတည်ပြုခဲ့သည်။ ရုရှားအစိုးရကမူ အနောက်နိုင်ငံများ၏ ရန်လိုသည်ဟူသော စွပ်စွဲချက်များအား အဓိပ္ပာယ်မရှိသော အကြောင်း ပြချက်များဟု ပယ်ချလျက် ရှိပါသည်။

ဒိန်းမတ်၏ ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ဥပဒေအသစ်အရ “စစ်မှုထမ်းခြင်း တွင် အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှရေး အာမခံချက်ပါဝင်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နှင့် နောက်ပိုင်း အသက် ၁၈ နှစ် ပြည့်သော အမျိုးသမီးများအား စာရင်းသွင်းကာ စစ်မှုထမ်းရန် လိုအပ်ပါက ရွေးချယ်ခေါ်ယူမည်” ဟု ဖော်ပြထားသည်။ အမျိုးသမီးစစ်မှုထမ်းများ သည် အမျိုးသားများနှင့် တူညီသော စည်းကမ်းချက်များဖြင့် ထမ်းဆောင် ရမည်ဖြစ်သည်။ သတင်းများအရ အဆိုပါဥပဒေပြင်ဆင်ချက်တွင် စစ်မှုထမ်း ကာလကို ၄ လမှ ၁၁ လအထိ တိုးမြှင့်ထားသည်ဟု သိရသည်။

ဒိန်းမတ် တပ်မတော်သည် စေတနာ့ဝန်ထမ်းများနှင့် မဖြစ်မနေ ခေါ်ယူ သည့် စစ်မှုထမ်းများကို အားထားရပြီး စေတနာ့ဝန်ထမ်းအရေအတွက် မလုံလောက်ပါက စစ်မှုထမ်းဆောင်ရန် ခေါ်ယူလေ့ရှိသည်။ ၂၀၂၄ ခုနှစ် တွင် ဒိန်းမတ်နိုင်ငံသား ၄,၇၀၀ ခန့်သည် စစ်မှုထမ်းဆောင်ပြီးစီးခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီးများ၏ အချိုးမှာ ၂၄% ခန့်ရှိသည်။ ဝန်ကြီးချုပ် Mette Frederiksen က မတ်လတွင် အမျိုးသမီးများအား စစ်မှုမထမ်း မနေရ အစီအစဉ်ကို ကြေညာခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို “ကျား/မ အပြည့်အဝတန်းတူညီမျှမှု” တစ်ခုအဖြစ် ရှုမြင်ရန် တိုက်တွန်း ခဲ့သည်။

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော လတ်ဗီးယားသည်လည်း ၂၀၂၈ ခုနှစ် မတိုင်မီ အမျိုးသမီးများအား စစ်မှုမထမ်းမနေရ အစီအစဉ်ကို ကျင့်သုံးရန် စီစဉ်နေသည်။ ထိုနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင့်သုံးခဲ့သည်။ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့သည် အသီးသီး ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များတွင် ကျားမတန်းတူ စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။ ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Boris Pistorius ကလည်း ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော အမျိုးသားများအတွက် စစ်မှုမထမ်း မနေရစနစ်ကို ပြန်လည်ကျင့်သုံးရန် အဆိုပြုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂