ဗီယက်နမ်နိုင်ငံက တရုတ်သင်္ဘောများ သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုကို ကန့်ကွက်
ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီး ဗီယက်နမ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသင်္ဘောများ ဝင်ရောက်လှုပ်ရှားမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။
ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က တရုတ် သင်္ဘောများ၏ ဗီယက်နမ်၏သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုနှင့်ပတ်သက်၍ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။
“၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီးတွင် ဗီယက်နမ်၏ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည့် နိုင်ငံခြားသုတေသနနှင့်လေ့လာမှုများသည် ဗီယက်နမ်၏ အချုပ်အခြာအာဏာနှင့် တရား စီရင်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်” ဟု သူမက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ် အာဏာပိုင်များသည် အရှေ့ပင်လယ်အတွင်း ဖြစ်ပျက်မှုများကို အစဉ်နီးကပ်စွာ ခြေရာခံလျက် နိုင်ငံတကာဥပဒေနှင့် ဗီယက်နမ်၏ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကာ ဗီယက်နမ်၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
ဗီယက်နမ်သည် နိုင်ငံတကာဥပဒေနှင့်အညီ Hoang Sa နှင့် Truong Sa ကျွန်းစုများအပေါ် နိုင်ငံ၏ အချုပ်အခြာအာဏာစိုးမိုးမှုကို အတည်ပြုရန် ဥပဒေနှင့်အညီဖြစ်သော အခြေခံအုတ်မြစ်များနှင့် သမိုင်းဆိုင်ရာ အထောက်အထားများ ပြည့်စုံစွာရှိသည့်အပြင် ဗီယက်နမ်၏ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနှင့် တရားစီရင်ပိုင်ခွင့်များကိုလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂