မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ငွေကျပ် သိန်း ၂,၅၃၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
04 July 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၂)လမ်းအတိုင်း အရှေ့မှ အနောက်သို့ ကိုကိုဝင်း(ခ)သူရဝင်း(၄၁)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၄၀ လမ်းနှင့် ၈၂ လမ်းထောင့်၌ ဆေးပြားများ ရောင်းချပေးသူ မျိုးမင်း(၅၀)နှစ်အား ဆိုင်ကယ် တစ်စီး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆေးပြားများ ရောင်းချပေးသူ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ဖြိုးကျော်(၃၁)နှစ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂,၀၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁,၈၄၀)နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်း နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၆၇၅ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ကိုကိုဝင်း(ခ)သူရဝင်း၊ မျိုးမင်းနှင့် ဖြိုးကျော်တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA