ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ချဲလ်ဆီးအသင်းတက်ရောက်
ဝါရှင်တန် ဇူလိုင် ၅
ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်တွင် ချဲလ်ဆီးအသင်းက ပါမီးယက်စ် အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်ပွဲ ရခဲ့သောကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးအသင်းသည် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘင်ဖီကာ အသင်းနှင့် တွေ့ဆုံခဲ့သော်လည်း အချိန်ပိုသွင်းပိုး လေးဂိုး တစ်ဂိုးဖြင့် နိုင်ပွဲရခဲ့ပြီး အခြားရှုံးထွက်အဆင့်မှ အင်တာမီလန်အသင်းနှင့် မန်စီးတီးအသင်းတို့အနေဖြင့် ရှုံးပွဲကြုံခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် လမ်းကြောင်းတွင် ချဲလ်ဆီးအသင်းက အခွင့်အရေးများခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းသည်ကွာတား ဖိုင်နယ်အဆင့်တွင် ဘရာဇီးကလပ် ပါမီးယက်စ်အသင်းနှင့် ကစားခဲ့ရသဖြင့် အဘက်ဘက်ကအသာစီး ရယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၆ မိနစ်တွင် ချာလိုဘတ်၏ဖန်တီးမှုမှ ပယ်မာက ဦးဆောင်ဂိုးသွင်းယူ၍ ပထမပိုင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ချေပဂိုး ရရှိရေး တိုက်စစ်ကစားပုံ မြှင့်တင်လာသည့် ပါမီးယက်စ်အသင်းက ပွဲချိန် ၅၃ မိနစ် အရောက်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုးရရှိရန် အကြိတ်အနယ်ရှိခဲ့ကာ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့သောကြောင့် ပွဲချိန် ၈၃ မိနစ်တွင် ဝီဘာတန်၏ ကိုယ့်ဂိုးကို သွင်းယူမှုမှ အနိုင်ဂိုးရခဲ့ပြီး နှစ်ဂိုး တစ်ဂိုးဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့သည်။
ချဲလ်ဆီးအသင်းသည် ဆီမီး ဖိုင်နယ်အဆင့်တွင် ဖလူမီနန်စီ အသင်းနှင့်တွေ့ဆုံခဲ့ပြီး ယင်းပွဲစဉ်ကို လာမည့် ဇူလိုင် ၉ ရက်တွင် ကစားရမည်ဖြစ်ကြောင်းသိရသည်။
ရတနာပုံသတင်းစာ