ထရမ့်က ယူကရိန်းအတွက် လက်နက်များ ထပ်မံထောက်ပံ့ရန် ကတိပြု

News Image

  • ထရမ့်က ယူကရိန်းအတွက် လက်နက်များ ထပ်မံထောက်ပံ့ရန် ကတိပြု

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်များ ဆက်လက် ထောက်ပံ့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဇူလိုင် ၇) တွင် ပြောကြားခဲ့ပြီး ဤသည်မှာ ပင်တဂွန်က လက်နက် တပ်ဆင်မှုအချို့ကို ယာယီရပ်ဆိုင်းခဲ့သည်ဟု ပြောကြားခဲ့ပြီး တစ်ပတ် အကြာတွင် ဖြစ်သည်။

ယူကရိန်းအနေဖြင့် ရုရှား၏ ပြင်းထန်သောတိုက်ခိုက်မှုများကို ကာကွယ်ရန် လက်နက်များထောက်ပံ့ပေးရမည်ဟု ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ညစာစားပွဲအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရမ့်၏ ပြောကြားချက်အပြီးမကြာမီ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်က အမေရိကန်သည် ယူကရိန်းသို့ ထပ်ဆောင်း ကာကွယ်ရေး လက်နက်များ ပေးပို့မည်ဟု အတည်ပြုခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်း ရှိ စစ်ရေးအကူအညီများအား ပြန်လည်သုံးသပ်မှုသည် ဆက်လက်တည်ရှိ နေပြီး အမေရိကန်ဦးစားပေး ကာကွယ်ရေးမူဝါဒ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်၏ လက်နက်သိုလှောင်ရုံများ နည်းပါးလာမှုကို စိုးရိမ်သည့် အနေဖြင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က လွန်ခဲ့သည့် သီတင်းပတ် က လက်နက်ပေးပို့မှုများကို ယာယီရပ်ဆိုင်းခဲ့သည်။ “အဆိုပါ ဆုံးဖြတ်ချက် ကို အမေရိကန်၏ အကျိုးစီးပွားကို ဦးစားပေးရန် ကမ္ဘာတစ်ဝှမ်းရှိ အခြား နိုင်ငံများအား မိမိတို့နိုင်ငံ၏ စစ်ရေးအကူအညီများကို ကာကွယ်ရေး ဌာနက ပြန်လည်သုံးသပ်ပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အမ်နာကယ်လီက မီဒီယာများအား ပြောကြား ခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံး၏ ဒုတိယမစ်ရှင် အကြီးအကဲ ဂျွန်ဂင်ကယ်လ်အား ဆင့်ခေါ်၍ “ယူကရိန်း၏ ကာကွယ်ရေး စွမ်းရည်များကို ထောက်ပံ့မှုတွင် နှောင့်နှေးမှုများသည် ကျူးကျော်သူကို အားပေးရာရောက်မည်” ဟု တုံ့ပြန်ခဲ့သည်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ မူဝါဒမှ သွေဖည်ကာ ထရမ့်သည် ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ပြီး မော်စကိုနှင့် ကိယက်ဗ် အကြား စစ်ပြေငြိမ်းရေး ညှိနှိုင်းရန် ကြိုးပမ်းနေသည်။

ရုရှားဘက်မှ နိုင်ငံခြားလက်နက်များသည် ၎င်းတို့၏အောင်ပွဲကို မတားဆီး နိုင်ဟု ပြောကြားခဲ့ပြီး လွန်ခဲ့သည့်လတွင် သမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများ၏ ယူကရိန်းသို့လက်နက်ထောက်ပံ့မှုကို “ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင်သူများအဖြစ် ရှုမြင်ကြောင်း” ထပ်လောင်း ပြောကြား ခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂