မွေးကင်းစကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါဆေးကို အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံက အတည်ပြု
ဘန်း ဇူလိုင် ၁၀
မွေးကင်းစကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါဆေးကို အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံက အတည်ပြုချက်ပေးခဲ့ကြောင်း ဇူလိုင် ၉ ရက် သတင်းများအရ သိရသည်။
Coartem Baby အမည်ရှိ အဆိုပါဆေးသစ်သည် မွေးကင်းစများနှင့် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံးငှက်ဖျားဆေးဖြစ်သည်။
Coartem Baby ကလေးငှက်ဖျားဆေးကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် နိုဗာတစ်ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Coartem Baby ငှက်ဖျားဆေးမတိုင်မီက ကိုယ်အလေးချိန် ၉ ဒသမ ၉ပေါင်အောက်ကလေးများအတွက် သုံးစွဲခွင့်အတည်ပြုချက်ရရှိထားသော ငှက်ဖျားကုထုံးမျိုးမရှိခဲ့ပေ။
Coartem Baby ငှက်ဖျားဆေးကို စမ်းသပ်ရာတွင် ပါဝင်ခဲ့သည့် အာဖရိကနိုင်ငံ ရှစ်နိုင်ငံတို့သည်လည်း ၎င်းငှက်ဖျားဆေးကို မကြာမီကာလအတွင်း သုံးစွဲခွင့်အတည်ပြုချက်များ ထုတ်ပြန်လာဖွယ်ရှိကြောင်း သိရသည်။
အာဖရိကတိုက်ရှိ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသည့်နိုင်ငံများ၌ နှစ်စဉ်ကလေး သန်း၃၀ ခန့် မွေးဖွားလျက်ရှိကြောင်း သိရသည်။
ရတနာပုံသတင်းစာ