တောင်ကိုရီးယား၌ ပြင်းထန်သော အပူလှိုင်းကြောင့် နေထိုင်မကောင်းသူ အရေအတွက် လျင်မြန်စွာ မြင့်တက်လာ
တောင်ကိုရီးယားနိုင်ငံ၌ ပြင်းထန်သော အပူလှိုင်းဖြစ်ပေါ်မှုကြောင့် ယင်းနှင့်ဆက်စပ်၍ နေထိုင်မကောင်းသူ အရေအတွက် လျင်မြန်စွာ မြင့်တက်လာကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇူလိုင်လ ၁၀ ရက်တွင် ပြောသည်။ ထို့ပြင် အပူချိန်နှင့်ပတ်သက်၍ ထိခိုက်မခံသူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပိုမိုလုပ်ဆောင်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။
တာဝန်ရှိသူများက အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်၍ဖြစ်ပေါ်လာသည့် နေထိုင်မကောင်းသူများကို စောင့်ကြည့်ရေးစနစ် စတင်လုပ်ဆောင်သော မေလလယ်မှစ၍ ဇူလိုင်လ ၉ ရက်အထိ အရေးပေါ်ဌာနများ သို့ရောက်ရှိလာသူ ၁၂၂၈ ဦးအထိရှိသည်ကို တွေ့ရကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ နေထိုင်မကောင်းသူ အရေအတွက်သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆခွဲခန့်မြင့်တက်လာကြောင်း၊ သေဆုံးသူဦးရေမှာလည်း သုံးဆအထိ မြင့်တက်လာကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
နိုင်ငံအတွင်းပျမ်းမျှအပူချိန်သည် ဇွန်လနှောင်းပိုင်းမှစ၍ ယခုအချိန်အထိ ၃၁ ဒီဂရီစင်တီဂရိတ် အထက်တွင်ရှိနေသောကြောင့် တောင်သူလယ်သမားများ၊ တံငါ သည်များနှင့် အမိုးအကာပြင်ပတွင် အလုပ်လုပ်ကိုင်ရသူများ နေရောင်အောက်တွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်း မပြုရန်နှင့် ရေဓာတ်ပြည့်ဝစွာ စားသောက်ပြီး မကြာ ခဏအနားယူရန် ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MWD Web Portal