မော်စကိုသည် Trump ၏ ကြမ်းတမ်းသော စကားလုံးများကို စိုးရိမ်မှု မရှိဟု ကရင်မလင်တာဝန်ရှိသူ ပြောဆို

News Image

  • မော်စကိုသည် Trump ၏ ကြမ်းတမ်းသော စကားလုံးများကို စိုးရိမ်မှု မရှိဟု ကရင်မလင်တာဝန်ရှိသူ ပြောဆို

အမေရိကန်သမ္မတ Donald Trump ၏ မကြာသေးမီက ကြမ်းတမ်းသော ပြောဆိုမှုများကို ရုရှားနိုင်ငံအနေဖြင့် အေးဆေးတည်ငြိမ်စွာ လက်ခံပြီး ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

သမ္မတ Trump က အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သတင်းမီဒီယာများအား ၎င်းသည် ရုရှားသမ္မတ Vladimir Putin နှင့် ဆွေးနွေးမှုများကို မကျေနပ် ကြောင်း၊ ပူတင်သည် ယူကရိန်းပဋိပက္ခကို အဖြေရှာရန် မလိုလားဟု စွပ်စွဲခဲ့သည်။ မော်စကိုဘက်မှ ယူကရိန်းနှင့် သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် အဆင်သင့်ဖြစ်သော်လည်း၊ ဥပဒေအရ တာဝန်ယူမှုရှိပြီး အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းသည့် သဘောတူညီချက် ဖြစ်ရမည်ဟု ဆိုသည်။

“မိမိတို့အနေဖြင့် ထရမ့်၏ပြောဆိုမှုများကို အေးဆေးတည်ငြိမ်စွာ လက်ခံ သုံးသပ်ပြီး ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရေး၊ ပျက်စီးနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရေး မူဝါဒကိုလည်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါသည်” ဟု ကရင်မလင် ပြောရေးဆိုခွင့် ရှိသူ Peskov က ပြောကြားခဲ့သည်။

Peskov က Trump ၏ အခြားပြောကြားချက်ဖြစ်သည့် ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် “ထင်ထားတာထက် ပိုခက်ခဲတယ်” ဟု ဝန်ခံ ခဲ့သည့် အချက်ကို ပိုမိုအရေးကြီးသည်ဟု ထောက်ပြခဲ့သည်။ “ဒါက မိမိတို့ (ရုရှား) အစကတည်းက ပြောနေခဲ့သည့် အချက်ပါ။ ယခုလို ပြဿနာမျိုးကို တစ်ညတည်းဖြင့် ဖြေရှင်း၍မရနိုင်ပါ” ဟု Peskov က ရှင်းပြခဲ့သည်။

သမ္မတ Trump ၏ မကြာသေးမီက ပြောကြားချက်များရှိသော်လည်း၊ “Trump နှင့် ၎င်းအဖွဲ့သည် ယူကရိန်းအရေးကိစ္စကို သံတမန်ရေးအဆင့် သို့ ရွှေ့ပြောင်းရန် ကြိုးစားအားထုတ်မှုတွေ ဆက်လုပ်သွားမည်ဟု မျှော်လင့်ပါသည်” ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့သည်။

မော်စကိုဘက်မှ အစ္စတန်ဘူလ်တွင် တတိယအကြိမ်မြောက် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရန် အဆိုပြုထားသည့် အချက်ကို ယူကရိန်းဘက်မှ အကြောင်းပြန်မှုကိုစောင့်မျှော်နေကြောင်း Peskov က ဖြည့်စွက် ပြောကြားခဲ့သည်။ “ဒါက ယူကရိန်းအတွက် အကျိုးရှိမည့်အချက်ဖြစ်ပါသည်။ အခြေအနေတွေက နေ့စဉ်ပြောင်းလဲနေသောကြောင့် မိမိတို့က ရှေ့ဆက် တိုးနေပါပြီ” ဟု ၎င်းက ရှင်းပြခဲ့သည်။

CNN က အင်္ဂါနေ့ (ဇူလိုင် ၈) တွင် ထုတ်လွှင့်ခဲ့သည့် အသံဖိုင်နှင့် ပတ်သက်၍လည်း Peskov က မှတ်ချက်ပြုခဲ့ပြီး ယင်းအသံဖိုင်တွင် ၂၀၂၄ ခုနှစ်တွင် Trump က ရုရှားအနေဖြင့် ယူကရိန်းကို တိုက်ခိုက်ပါက “မော်စကိုကို ဗုံးကြဲပစ်လိုက်မည်” ဟု Putin အား ခြိမ်းခြောက်ခဲ့သည်ဟု အလှူရှင်များအား ပြောကြားနေသည့် အသံပါရှိသည်ဟု ဆိုသည်။

Peskov က ဆက်လက်၍ သမ္မတ Trump ၏ စကားပြောဟန်သည် ယေဘုယျအားဖြင့် သုံးနှုန်းပုံမှာ အတော်အတန် ကြမ်းတမ်းသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂