ထရမ့်က သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy အား NASA ၏ ယာယီအကြီးအကဲအဖြစ် ခန့်အပ်
သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Sean Duffy အား NASA ၏ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ရန် ညွှန်ကြားလိုက်ကြောင်း ကြေညာခဲ့သည်။
သမ္မတက Truth Social တွင် Duffy ၏ ဆောင်ရွက်ချက်များအား ချီးကျူးခဲ့ပြီး ယခုခန့်အပ်ခံရမှုအတွက် ဂုဏ်ပြုကြောင်း ရေးသားခဲ့သည်။ Duffy ကလည်း သမ္မတ၏ ကြေညာချက်အပြီးတွင် X (Twitter) တွင် တာဝန်ပေးအပ်ခံရခြင်းကို ဂုဏ်ယူကြောင်းနှင့် အာကာသကို ထိန်းချုပ်ရန် လုပ်ဆောင်သွားမည်ဟု ရေးသားခဲ့သည်။
မေလကုန်ပိုင်းတွင် သမ္မတသည် “ယခင်ဆက်ဆံရေးများကို စိစစ်ပြီးနောက်” ဟူသည့် အကြောင်းပြချက်ဖြင့် နည်းပညာဘီလီယံနာ Jared Isaacman အား NASA ဦးဆောင်ရန် ခန့်အပ်မှုကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ပြောင်းလဲမှုသည် အထူးအာကာသခရီးစဉ်နှစ်ခုတွင် ပါဝင်ခဲ့ပြီး SpaceX ၏ CEO Elon Musk နှင့် နီးစပ်သူ Isaacman ၏ ခန့်အပ်မှုကို ဆီးနိတ် လွှတ်တော်က မဲခွဲရန် ရက်ပိုင်းအလိုတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
CNN ၏ ယခင်သတင်းများအရ NASA အုပ်ချုပ်ရေးမှူးများကို သိပ္ပံ ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ပညာရှင်များ သို့မဟုတ် ပြည်သူ့ ဝန်ထမ်းများထဲမှ ရွေးချယ်လေ့ရှိသည်။ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ကျော်ရှိသော အဆိုပါအဖွဲ့အစည်းကို ထိရောက်စွာ ဦးဆောင်ရန်နှင့် NASA ၏ စီမံကိန်းများအတွက် ရန်ပုံငွေရရှိရန် အုပ်ချုပ်ရေးမှူးသည် နိုင်ငံရေးအရ နှစ်ဖက်သော ပါတီမှ လွှတ်တော်အမတ်များနှင့်ပါ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်။
သမ္မတသည် Isaacman ၏ ခန့်အပ်မှုနှင့်ပတ်သက်၍ Elon Musk ကို ဝေဖန်သည့် လူမှုမီဒီယာပို့စ်တွင် “NASA သည် Elon ၏ စီးပွားရေး လုပ်ငန်းအတွက် အရေးပါသည့်အပိုင်းဖြစ်နေသည့်အချိန်မှာ Elon နှင့် အလွန် ရင်းနှီးသည့်သူတစ်ဦးက NASA ကို ဦးဆောင်ခြင်းသည် မသင့်တော်ဟု ထင်မိသည်” ဟု ရေးသားခဲ့သည်။
ခိုင်လုံသော အရင်းအမြစ်တစ်ခုအရ မတ်လက အစိုးရအဖွဲ့ အစည်းအဝေး တွင် Duffy နှင့် Musk တို့ အချေတင်ဖြစ်ခဲ့ကြပြီး သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးက နည်းပညာဘီလီယံနာကို လေကြောင်းထိန်းချုပ်မှုများအား ဖျက်ဆီးရန် ကြိုးစားသည်ဟု စွပ်စွဲခဲ့သည်။
Duffy သည်သာ သမ္မတ၏ အစိုးရအဖွဲ့ဝင်များထဲမှ အခြား အလုပ်တာဝန် များ ပူးတွဲထမ်းဆောင်နေသူ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည်လည်း လက်ရှိတွင် ယာယီအမျိုးသားလုံခြုံရေးအကြံပေးနှင့် အမျိုးသားမော်ကွန်းတိုက်မှူးအဖြစ် တာဝန်ယူထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂