NATO အဖွဲ့ဝင် နိုင်ငံများသည် အမေရိကန်လက်နက်များအတွက် ကျသင့်ငွေ အပြည့်အဝပေးချေရမည်ဟု ထရမ့် ပြောကြား
အမေရိကန်၏ NATO မဟာမိတ်နိုင်ငံများသည် အမေရိကန်ထုတ် လက်နက်များအတွက် ကျသင့်ငွေအပြည့်အဝ ပေးချေရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး ၎င်းလက်နက်များထဲမှ အချို့ ကို ယူကရိန်းသို့ လွှဲပြောင်းပေးအပ်နိုင်ကြောင်း ညွှန်းဆိုခဲ့သည်။
အမေရိကန်သမ္မတသည် ၎င်း၏ ပထမသက်တမ်းအတွင်းကတည်းက ဥရောပ NATO အဖွဲ့ဝင်များအား ၎င်းတို့၏ကာကွယ်ရေးအတွက် တာဝန်ယူရန် ဖိအားပေးခဲ့ပြီး ယခု ဒုတိယသက်တမ်းအတွင်းတွင်လည်း ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန် တွန်းအားပေးလျက်ရှိသည်။
သောကြာနေ့ (ဇူလိုင် ၁၁) တွင် ထုတ်ပြန်ခဲ့သည့် NBC နှင့်အင်တာဗျူး တစ်ခုတွင် အမေရိကန် သမ္မတက အနာဂတ်တွင် စစ်ရေးမဟာမိတ် အဖွဲ့အစည်းသို့ လက်နက်များပေးပို့ရန် ၎င်း၏ ချဉ်းကပ်မှုကို ရှင်းပြ ခဲ့သည်။
“အမေရိကန်က NATO ကို လက်နက်များ ပို့ဆောင်ထောက်ပံ့မည်ဖြစ်ပြီး NATO က အဆိုပါလက်နက်များ၏ တန်ဖိုးအပြည့်အဝကို ပေးချေရမည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ဝါရှင်တန်၏ NATO မဟာမိတ်များအနေဖြင့် လက်နက်များ ရရှိပြီးနောက် “NATO က အဆိုပါလက်နက်များကို ယူကရိန်းကို ထောက်ပံ့ နိုင်မည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂