လိုက်ဘေးရီးယားသမ္မတ၏ အင်္ဂလိပ်စကားပြော ကောင်းမွန်မှုကို ဒေါ်နယ်ထရမ့် ချီးကျူး
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် အာဖရိကခေါင်းဆောင်များနှင့် တွေ့ဆုံချိန် လိုက်ဘေးရီးယား သမ္မတ ဂျိုးဇက်ဘိုကိုင်၏ အင်္ဂလိပ်စကားပြော ကောင်းမွန်မှုကို ချီးကျူး ပြောကြားလိုက်ပါသည်။
“လိုက်ဘေးရီးယားသည် အမေရိကန်ပြည်ထောင်စု၏ သမိုင်း ရှည်လျားသော မိတ်ဆွေဖြစ်ပြီး မိမိတို့ကလည်း အမေရိကန် ပြန်လည်ကြီးပွားစေရေး မူဝါဒကို ယုံကြည်ပါကြောင်း၊ လိုက်ဘေးရီးယားနိုင်ငံသို့လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် တောင်းဆိုအပ်ပါကြောင်း၊ ယခုလို အခွင့် အလမ်းများ အတွက်လည်း ကျေးဇူးတင်ပါကြောင်း” လိုက်ဘေးရီးယား သမ္မတဂျိုးဇက်ဘိုကိုင်က အိမ်ဖြူတော်တွေ့ဆုံပွဲတွင် အင်္ဂလိပ်ဘာသာ ဖြင့် ပြောကြားလိုက်ပါသည်။
ထိုသို့ လိုက်ဘေးရီးယားသမ္မတ၏ ပြောကြားချက်ကို နားထောင်ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “အလွန်ကောင်းသည့် အင်္ဂလိပ် စကားပဲ၊ ပြောသွားတာ အတော်လည်း လှပပါသည်၊ ဘယ်မှာ သင်ယူခဲ့တာလဲ” ဟု ချီးကျူးမေးမြန်းခဲ့ပါသည်။ “လိုက်ဘေးရီးယားမှာ သင်ထားတာလား” ဟု ထရမ့်၏ မေးမြန်းချက်အပေါ် သမ္မတဘိုကိုင်က “ဟုတ်ကဲ့ပါ သမ္မတကြီး” ဟု ဖြေကြားသွားခဲ့ပါသည်။
ထရမ့်သည် ဂါဘွန်၊ ဂီနီ၊ လိုက်ဘေးရီးယား၊ မော်ရီတေးနီးယားနှင့် ဆီနီဂေါမှ ခေါင်းဆောင်များကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် အိမ်ဖြူတော်၌ လက်ခံဧည့်ခံခဲ့ပြီး အမေရိကန်၏ အာဖရိကဆိုင်ရာမူဝါဒကို အကူအညီမှ ကုန်သွယ်ရေးသို့ ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ် ထက် အာဖရိကအတွက် ပိုမိုကောင်းမွန်သော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲရှိ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ဘာသာပြန်များမှတစ်ဆင့် ပြောကြားခဲ့ကြသည်။
ထရမ့်က ၎င်း၏ အစိုးရအဖွဲ့သည် အာဖရိကရှိ မိတ်ဆွေဖွဲ့မှုများကို အားကောင်းလာစေရန် ကတိပြုထားကြောင်း၊ အနာဂတ်တွင် အာဖရိကသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အင်္ဂလိပ်ဘာသာစကားသည် လိုက်ဘေးရီးယား၏ ရုံးသုံးဘာသာစကား ဖြစ်ပါသည်။
ကိုးကား- The Guardian
Photo: CBS News
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃