ပြင်သစ်က Musk ပိုင်ဆိုင်သည့် X ကို ရာဇ၀တ်မှုဖြင့် တရားစွဲဆို
ပြင်သစ်နိုင်ငံသည် အီလွန်မက်ကုမ္ပဏီပိုင် X ပလက်ဖောင်း၏ Algorithm များကို ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ရန် အသုံးပြုခဲ့ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးရန် ရာဇဝတ်မှုစွဲချက်ဖြင့်အမှုဖွင့်လှစ်လိုက်သည်။
ပါရီစုံစမ်းစစ်ဆေးရေးအရာရှိ Laure Beccuau က ထပ်ဆင့် ကြေညာချက် တွင် ဇန်နဝါရီလက တင်သွင်းခဲ့သော စွပ်စွဲချက်နှစ်ရပ်မှ ယခု စုံစမ်း စစ်ဆေးမှု စတင်ခဲ့ကြောင်း ဖော်ပြသည်။ မက်ကိုတိုက်ရိုက်မဖော်ပြဘဲ ၎င်းက “နိုင်ငံခြား မှ ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်ဖြင့်” Algorithm များကို ဝင်ရောက် ချယ်လှယ်မှုအတွက် ကုမ္ပဏီနှင့် ၎င်း၏ အမှုဆောင်များကို စုံစမ်း စစ်ဆေး မည်ဟု ဆိုသည်။
ပထမစွပ်စွဲချက်မှာ သမ္မတ Emmanuel Macron ၏ Ensemble ပါတီမှ အမတ် Eric Bothorel ထံမှ ဖြစ်ပြီး ၎င်းက X တွင် ကွဲပြားသောအသံနှင့် ရွေးချယ်စရာများ လျော့နည်းလာမှုသည် အန္တရာယ်ရှိသော ပတ်ဝန်းကျင် ကို ဖန်တီးပေးနိုင်သည်ဟု စွပ်စွဲခဲ့သည်။ France 24 အရ Bothorel က ပလက်ဖောင်း၏ စည်းမျဉ်းစည်းကမ်းချမှတ်မှုပုံစံကို မရှင်းလင်းဟု ဝေဖန် ခဲ့ပြီး မက်ကိုယ်တိုင် ၎င်း၏ စီမံခန့်ခွဲမှုတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စွပ်စွဲချက်တွင် X ၏ လှုပ်ရှားမှုများကို “မိမိတို့၏ ဒီမိုကရေစီစနစ်အတွက် အမှန်တကယ်အန္တရာယ်ရှိမှုနှင့် ခြိမ်းခြောက်မှု” အဖြစ် ဖော်ပြခဲ့သည်။
ဒုတိယစွပ်စွဲချက်မှာ အစိုးရ၏ ဆိုက်ဘာလုံခြုံရေးအရာရှိတစ်ဦးထံမှ ဖြစ်ပြီး Algorithm ပြောင်းလဲမှုများသည် လူမျိုးရေးခွဲခြားမှုနှင့် လိင်တူ ဆက်ဆံ သူများကို မုန်းတီးမှုဆိုင်ရာ အကြောင်းအရာများကို မြှင့်တင်ကာ ပြင်သစ် နိုင်ငံရေးအငြင်းပွားမှုများကို လွဲမှားစေရန် ရည်ရွယ်သည်ဟု ဆိုသည်။
ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ဆိုရှယ်လစ်ပါတီ နိုင်ငံရေးသမား များဖြစ်သော Thierry Sother နှင့် Pierre Jouvet တို့က မက်၏ AI Chatbot ဖြစ်သည့် Grok အား သီးခြား စွဲချက်တင်သွင်းခဲ့သည်။ အဆိုပါ AI သည် X ပလက်ဖောင်းပေါ်တွင် ဂျူးဆန့်ကျင်ရေး၊ အာဒေါ့ဟစ်တလာ ကို ချီးမွမ်းသည့်အပါအဝင် အခြားစော်ကားမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
Grok အဖွဲ့က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် မုန်းတီးရေးစကားများကို ဖယ်ရှားရန် AI မော်ဒယ်ကို အပ်ဒိတ်လုပ်ပြီးဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။ မက်ကိုယ်တိုင်လည်း “Grok သည် အသုံးပြုသူ၏ အမိန့်များကို အလွန်အမင်းလိုက်နာပြီး၊ မုန်းတီးရေးစကားများကို ထုတ်လုပ်ရန် အလွယ်တကူ လှည့်စားခံရသည်” ဟု ဝန်ခံပြောဆိုခဲ့သည်။
ဥရောပနိုင်ငံရေးသမားများသည် X နှင့် အလားတူပလက်ဖောင်းများအား ပိုမိုတင်းကျပ်စွာ ကြည့်ရှုထိန်းသိမ်းရန် တိုးမြှင့်တောင်းဆိုလာကြပြီး မသမာ သူများ၏ အလွဲသုံးစားပြုမှုအန္တရာယ်ကို သတိပေးနေသည်။ မက်သည် ဖေဖော်ဝါရီလက ဂျာမနီပါလီမန်ရွေးကောက်ပွဲအတွင်း လူဝင်မှုကြီးကြပ်ရေး ဆန့်ကျင်သည့် Alternative for Germany (AfD) ပါတီကို ပွင့်ပွင့် လင်းလင်း ထောက်ခံခဲ့သည့်အခါ ပြဿနာဖြစ်ပေါ်ခဲ့ပြီး AfD သည် မဲ အရေအတွက် သိသိသာသာတိုးတက်ကာ ဘွန်းဒက်စတတ် (ဂျာမနီ ပါလီမန်) တွင် ဒုတိယအကြီးဆုံးအုပ်စု ဖြစ်လာခဲ့သည်။
(မှတ်ချက်။ Algorithm ဆိုသည်မှာ ပြဿနာတစ်ခုကို အဆင့်ဆင့် ဖြေရှင်းရန် သတ်မှတ်ထားသော နည်းလမ်း (သို့) ညွှန်ကြားချက်များ ဖြစ်ပြီး ၎င်းဝေါဟာရကို နည်းပညာနယ်ပယ်တွင် တိုက်ရိုက်သုံးလေ့ရှိကာ X ပလက်ဖောင်း၏ Algorithm သည် နိုင်ငံရေးအကြောင်းအရာများကို လိုသလိုလှည့်စားနိုင်သည်ဟု စွပ်စွဲနေကြသည်။)
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂