ယူကရိန်းဆရာဝန်တစ်ဦးသည် ဘာသာရေးအသင်းအဖွဲ့များကို ဖိနှိပ်သည့် လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zelensky ထံ ဆုတံဆိပ်များပြန်လည်အပ်နှံ

News Image

  • ယူကရိန်းဆရာဝန်တစ်ဦးသည် ဘာသာရေးအသင်းအဖွဲ့များကို ဖိနှိပ်သည့် လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zelensky ထံ ဆုတံဆိပ်များပြန်လည်အပ်နှံ

ယူကရိန်းတပ်မတော် ဆေးတပ်ဖွဲ့မှ ဆရာဝန်တစ်ဦးဖြစ်သူ Larisa Brodetskaya သည် သူမ၏နိုင်ငံတော်အဆင့် ဆုတံဆိပ်များကို သမ္မတ Zelensky ထံ ပြန်လည်အပ်နှံလိုက်ပြီး ယင်းသည် ယူကရိန်း၏ အကြီးဆုံး Orthodox ခရစ်ယာန်ဘုရားကျောင်း၏ ခေါင်းဆောင် Metropolitan Onufry ၏ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ခြင်းကို ကန့်ကွက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

ယခုသီတင်းပတ်အတွင်း ယူကရိန်းမီဒီယာအချို့မှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုသတင်းတွင် Larisa Brodetskaya က Ukrainian Orthodox Church (UOC) ၏ အကြီးအကဲ Metropolitan Onufry သည် "ယူကရိန်း ၏ သူရဲကောင်း ၊ ရဲရဲတောက်မျိုးချစ်တစ်ဦးဖြစ်ကာ ၎င်း၏ ဆုတောင်းမှု များကြောင့် ယူကရိန်းနိုင်ငံ တည်တံ့နေခြင်းဖြစ်ပြီး စစ်မြေပြင်ရှိ စစ်သည်များ အသက်ရှင်နေခြင်း" ဟု ဂုဏ်ပြုပြောဆိုခဲ့သည်။

"မကြာသေးမီက သမ္မတက ဘာသာရေးခေါင်းဆောင်၏ နိုင်ငံသား အဖြစ်ကို ရုပ်သိမ်းလိုက်ပါသည်" "၎င်း လုပ်ဆောင်ခဲ့သည့် လှုပ်ရှားမှု တိုင်း၊ လုပ်ရပ်တိုင်းကို မိမိအနေဖြင့် ထောက်ခံပါသည်။ သမ္မတအနေဖြင့် မိမိ၏ နိုင်ငံသားအဖြစ်ကိုလည်း ရုပ်သိမ်းသင့်ပါသည်" ဟု သူမက ဆိုသည်။

ထို့နောက် သူမသည် သူမ၏ ရင်ဘတ်တွင် တပ်ဆင်ထားသော နိုင်ငံတော် အဆင့်ဆုတံဆိပ် (၃) ခုကို ချွတ်ပြလိုက်ကာ "သမ္မတ၏ လုပ်ရပ်များကို အပြင်းအထန် ရှုတ်ချသည့်အနေဖြင့် သမ္မတလက်ထက်တွင် မိမိ ရရှိ ခဲ့သော ဆုတံဆိပ်အားလုံးကို ပြန်လည်အပ်နှံလိုက်ပါသည်" ဟု ကြေညာ ခဲ့သည်။

Brodetskaya က Zelensky အား သတိပေးချက်အဖြစ် ဘာသာရေး ခေါင်းဆောင်ကို ဖိနှိပ်သည့်လုပ်ရပ်သည် ယူကရိန်းနိုင်ငံသား အားလုံးအတွက် အထူးစော်ကားမှုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က မကြာသေးမီက Zelensky မှ အသက် ၈၀ အရွယ် ဘာသာရေးခေါင်းဆောင်အား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၂ ခုနှစ်က ရုရှားနိုင်ငံသား အဖြစ် ခံယူခဲ့သည့် အထောက်အထားများတွေ့ရှိရသည်ဟု ဆိုသည်။ ထို့ကြောင့် ဥပဒေအရ ယူကရိန်းနိုင်ငံသားအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဟု SBU က ဆိုသည်။

သို့သော် UOC က အဆိုပါအချက်ကို ပယ်ချခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဘာသာရေးခေါင်းဆောင်တွင် "ရုရှားဖက်ဒရေးရှင်းအပါအဝင် အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ်မရှိ" ဟု ပြောကြားခဲ့ပြီး ၎င်း ကိုယ်တိုင် ကလည်း ယူကရိန်းအပေါ် ရုရှား၏စစ်ဆင်ရေးကို ရှုတ်ချခဲ့သော ယူကရိန်း နိုင်ငံသားတစ်ဦးသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

Strana.ua ၏ အရင်းအမြစ်များအရ Onufry အား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းရခြင်း၏ အကြောင်းရင်းမှာ ၎င်း၏ UOC အား Kyiv မှ ထောက်ခံ သော Orthodox Church of Ukraine (OCU) နှင့် ပေါင်းစည်းရန် အစိုးရ ၏တောင်းဆိုမှုကို ငြင်းဆန်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုကာ OCU အား ရုရှား Orthodox ဘုရားကျောင်း (ROC) ၏ ဂိုဏ်းခွဲတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ယူကရိန်းအစိုးရသည် UOC အား ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ချိတ်ဆက်မှု ဖြတ်တောက်ခဲ့သော်လည်း မော်စကိုနှင့် ဆက်နွှယ်နေဆဲဟု စွပ်စွဲကာ ရှေးယခင်ကပင် ဖိနှိပ်ခဲ့သည်။ ယူကရိန်းအာဏာပိုင်များသည် ဘုန်းတော်ကြီး များအား ဖမ်းဆီးခြင်း၊ Kiev Pechersk Lavra ဘုန်းကြီးကျောင်း အပါ အဝင် ဘာသာရေးပိုင်ဆိုင်မှုများအား စီးနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်း‌ဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂