ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က အမေရိကန်ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများသည် အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု ပြောကြား

News Image

  • ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က အမေရိကန်ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများသည် အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု ပြောကြား

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ ကိုရီးယားကျွန်းဆွယ်အနီး စစ်ရေးလှုပ်ရှားမှုများသည် ဒေသတစ်ခုလုံး၏ တည်ငြိမ်မှုကို ခြိမ်းခြောက် နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က မြောက်ကိုရီးယား ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ 

စနေနေ့ (ဇူလိုင် ၁၂) က ဝမ်ဆန်မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ လာဗရော့က အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး အချို့လေ့ကျင့်မှုများတွင် "နျူကလီးယား အစိတ်အပိုင်း" ပါဝင်နေကြောင်း ပြောကြား ခဲ့သည်။

"ထိုအရာသည် ကိုရီးယားကျွန်းဆွယ်တစ်ခုတည်းတွင် မဟုတ်ဘဲ အရှေ့မြောက်အာရှဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူမပြုပါ" ဟု ၎င်းက ဆိုသည်။ ထို့ပြင် တောင်ကိုရီးယား၏ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်ရန် ရည်ရွယ်ချက်များ ကိုလည်း သံသယဖြင့် မှတ်ချက်ပြုခဲ့သည်။

လာဗရော့ဗ်က "အိန္ဒိယ-ပစိဖိတ်ဒေသအပြင်ဘက်မှ အင်အားကြီး အုပ်စု များ၏ သီးသန့်မဟာမိတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် NATO ၏ အခြေခံ အဆောက်အအုံများ ဒေသတွင်း ချဲ့ထွင်လာမှုဆိုင်ရာ အန္တရာယ်ရှိသော ကြိုးပမ်းမှုများ"ကို အပြင်းအထန် ရှုတ်ချခဲ့သည်။

နိုင်ငံများသည် အခြားနိုင်ငံများ၏ အကျိုးစီးပွားကို ထိပါးစေသည့် မဟာမိတ်များ မဖွဲ့စည်းသင့်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပြီး ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးသည် ယူရေးရှားဒေသရှိ နိုင်ငံအားလုံးအတွက် "တန်းတူညီမျှပြီး ခွဲခြားမှုမရှိသော လုံခြုံရေး" စနစ်ကို အားပေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ယခုသီတင်းပတ်အတွင်း အမေရိကန်၏ နျူကလီးယားစွမ်းရည်ရှိ B-52H နျူကလီးယား ဗုံးကြဲလေယာဉ်များ ပါဝင်သည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက် ခဲ့သည်။ မဟာမိတ်နိုင်ငံများက ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် မြောက် ကိုရီးယားအား "ကိုရီးယားကျွန်းဆွယ်တည်ငြိမ်မှုကို ထိခိုက်စေသော တရားမဝင်လှုပ်ရှားမှုများ" ကျူးလွန်သည်ဟု စွပ်စွဲခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် ကာကွယ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားက ရုရှား၏ Kursk ဒေသမှ ယူကရိန်းတပ်များကို တိုက်ထုတ်ရန် စစ်သည် များ စေလွှတ်ခဲ့သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြား "ခွဲခြား၍မရသော ညီရင်းအစ်ကို" ဆက်ဆံရေး၏ သက်သေပင် ဖြစ်ကြောင်း လာဗရော့က ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်း‌ဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂