Pentagon က ဂျပန်နှင့် ဩစတြေးလျတို့အား တရုတ်နှင့်ပတ်သက်၍ ဖိအားပေးနေ
အမေရိကန်ကာကွယ်ရေးဌာန (Pentagon) သည် တရုတ်၏ ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ စစ်ဖြစ်ပါက အရေးပါသော မဟာမိတ်နိုင်ငံများ ဖြစ်သည့် ဂျပန်နှင့် ဩစတြေးလျတို့အား ၎င်းတို့၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ရန် ဖိအားပေးနေကြောင်း Financial Times သတင်းစာက တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် ဖော်ပြခဲ့သည်။
တရုတ်အစိုးရသည် "တစ်နိုင်ငံတည်း" မူအရ ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက် အဖြစ် သတ်မှတ်ကာ နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းရမည်ဟုခိုင်မာစွာ ပြောဆိုလျက်ရှိသည်။ အမေရိကန်သည် တရားဝင်အားဖြင့် ထိုင်ဝမ်အပေါ် တရုတ်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုထား သော်လည်း တိုင်ပေသို့ လက်နက်များ ဆက်လက် ရောင်းချနေဆဲ ဖြစ်သည်။
အမေရိကန် ကာကွယ်ရေးဌာန မူဝါဒဆိုင်ရာ ဒုတိယဝန်ကြီး Elbridge Colby သည် လွန်ခဲ့သော လအနည်းငယ်အတွင်း ဂျပန်နှင့် ဩစတြေးလျ စစ်ဘက်ဆိုင်ရာ အရာရှိများအား ဖြစ်နိုင်ခြေရှိသော ပဋိပက္ခ တစ်ရပ် အတွက် အဆင်သင့်ဖြစ်စေရန် တွန်းအားပေးခဲ့ကြောင်း အမည်မဖော် လိုသူ အရင်းအမြစ်များကို ကိုးကား၍ FT က ရေးသားခဲ့သည်။
"ထိုင်ဝမ်အရေးနှင့် သက်ဆိုင်သည့် ရုတ်တရက် အခြေအနေများအတွက် လက်တွေ့ကျသော စစ်ဆင်ရေးအစီအစဉ်များနှင့် လေ့ကျင့်မှုများကို ဂျပန် နှင့် ဩစတြေးလျတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်" ဟု FT က ၎င်း၏ အရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ သို့သော် အမေရိကန်ကိုယ်တိုင် ထိုင်ဝမ်အား ကန့်သတ်မှုမရှိ အာမခံချက် ပေးထားခြင်း မရှိသောကြောင့် အဆိုပါတောင်းဆိုမှုသည် တိုကျိုနှင့် ကင်ဘာရာတို့အား အံ့အားသင့်စေခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂