ဒေသထွက်ကုန်များ ရာသီမရွေးသယ်ယူနိုင်ရေး ကွမ်းဆေးမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

News Image

  • ဒေသထွက်ကုန်များ ရာသီမရွေးသယ်ယူနိုင်ရေး ကွမ်းဆေးမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ ဇူလိုင်-၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တောင်သူများ၏ သီးနှံစိုက်ခင်းများ ရေလိုအပ်ချိန်တွင် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေများ ပေးဝေ နိုင်ရေးနှင့် လယ်ယာထွက်ကုန်များ အချိန်တိုအတွင်း သယ်ယူနိုင်ရေး ဆည်မြောင်းများနှင့် မြောင်းပေါင်လမ်းများ အား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသထွက်ကုန်များ ရာသီ မရွေးသယ်ယူနိုင်ရေး ကွမ်းဆေးမြောင်းပေါင်လမ်းအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်လည်ပြုပြင်ပေးသွားမည့် ကွမ်းဆေးမြောင်းပေါင်လမ်းသည် ကျောက်ဆည်မြို့နယ် သမန္တလင်း ကျေးရွာအနီး တွင် တည်ရှိပြီး မြောင်း၏ပေတိုင် အမှတ်(၄၀၄၀၀)ပေမှ(၄၂၀၀၀)ပေအထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြောင်းပေါင်လမ်းသည် မြေသားလမ်းဖြစ်ပြီး နှစ်ကာလကြာမြင့်ခြင်းနှင့်အသွားအလာများသည့်အတွက် ချိုင့်ခွက် များ ဖြစ်ပေါ်နေပြီး ရာသီမရွေး သွားလာနိုင်ရန်နှင့် လယ်ယာထွက်ကုန်များ အချိန်တိုအတွင်း လျင်မြန်စွာ သယ်ယူ နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၆,၀၀၀) ဖြင့် လမ်းအကျယ် (၁၂)ပေ၊ လမ်းထု(၆)လက်မ၊ လမ်းအရှည်(၁၆၀၀)ပေ ဂျင်းကျောက်မြေလမ်း ပြန်လည်ပြုပြင်ခင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောင်းပေါင်လမ်းပိုင်းအား ပြန်လည်ခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ကွမ်းဆေးမြောင်းပေါင်လမ်းအား အသုံးပြုနေသည့် ပြည်သူများအတွက် ရာသီမရွေးအခက်အခဲမရှိ လူမှုစီးပွားဘဝ ကဏ္ဍများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ သတင်းရရှိသည်။         

သက်မောင်(ကျောက်ဆည်)