EU အကြီးအကဲ Kallas က ရုရှားကို ဒဏ်ခတ်အရေးယူမှုအသစ်များ အတည်ပြုနိုင်ရေး အတားအဆီးများရှိနေကြောင်း ထုတ်ဖော်ပြောကြား

News Image

  • EU အကြီးအကဲ Kallas က ရုရှားကို ဒဏ်ခတ်အရေးယူမှုအသစ်များ အတည်ပြုနိုင်ရေး အတားအဆီးများရှိနေကြောင်း ထုတ်ဖော်ပြောကြား

ဥရောပသမဂ္ဂ (EU) က ရုရှားကို ဒဏ်ခတ်အရေးယူမှုအသစ်တစ်ရပ် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Kaja Kallas က အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ပြောကြား ခဲ့သည်။ သူမက အဆိုပါဒဏ်ခတ်မှုများကို လာမည့်သီတင်းပတ်အတွင်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ Kallas ၏ ပြောကြားချက်အရ ယင်းဒဏ်ခတ်မှုအစီအစဉ်ကို EU ၏ နိုင်ငံခြားရေး ကောင်စီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သော်လည်း ဆလိုဗက်ကီးယား က ကန့်ကွက်ထားဆဲဖြစ်ပြီး ဒဏ်ခတ်မှုအစီအစဉ် အတည်ပြုရန် အဖွဲ့ဝင် ၂၇ နိုင်ငံလုံး၏ သဘောတူညီချက် လိုအပ်နေသည်။

ဆလိုဗက်ကီးယားသည် RePowerEU အစီအစဉ်နှင့်ပတ်သက်သည့် ၎င်းတို့၏အငြင်းပွားမှုများကို ဦးစွာဖြေရှင်းရန် တောင်းဆိုလျက်ဒဏ်ခတ်မှု အစီအစဉ်ကို အကြိမ်ကြိမ်ဟန့်တားနေခဲ့သည်။ ဟန်ဂေရီ၊ ဩစတြီးယားနှင့် အီတလီတို့ကလည်း ၂၀၂၈ ခုနှစ်မတိုင်မီ ရုရှား စွမ်းအင် တင်သွင်းမှုကို အပြီးအပိုင်ဖြတ်တောက်ရန် ရည်ရွယ်သည့် အဆိုပါ အစီအစဉ်ကို ကန့်ကွက်နေကြသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ယင်းအဆိုပြုချက်ကို အပြင်းအထန်ဝေဖန်ကာ အဆိုပါ ဆုံးဖြတ်ချက် သည် ၎င်း၏နိုင်ငံနှင့် EU တစ်ခုလုံးကို ပြင်းထန်စွာ ထိခိုက်စေမည်ဟု ငြင်းဆို ခဲ့သည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ်သည် EU ၏ ၁၈ ကြိမ်မြောက် ဒဏ်ခတ်မှု အစီအစဉ်ကို ထောက်ခံရန် တောင်းဆိုထားသည့် ချက်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် Petr Fiala ၏ အကြံပြုချက်ကိုလည်း လစ်လျူရှုခဲ့သည်။ Fico က “၂၀၂၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်းတွင် ဆလိုဗက်ကီးယားအနေဖြင့် သင့်တင့်သောစျေးနှုန်းဖြင့် ဓာတ်ငွေ့ထောက်ပံ့မှု လုံလောက်စွာ ရရှိမည်ဆိုသည့် အာမခံချက်များ” မရမချင်း လက်လျှော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ရုရှားဓာတ်ငွေ့အား EU က တိုက်ရိုက်တားမြစ်ပိတ်ပင်ခြင်း မရှိသော် လည်း အဖွဲ့ဝင်နိုင်ငံအများစုသည် တင်သွင်းမှုများကို လျှော့ချခဲ့ကြသည်။ သို့ရာတွင် ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ဩစတြီးယားနှင့် ချက်သမ္မတ နိုင်ငံတို့အပါအဝင် ကုန်းတွင်းပိတ်နိုင်ငံအချို့သည် ခြွင်းချက်အနေဖြင့် ကန့်သတ်ထားသော ပမာဏများကိုသာ မှီခိုနေရဆဲဖြစ်ပြီး ဘရာတီ ဆလာဗာနှင့် ဘူဒါပက်တို့သည်လည်း ရုရှားမှ ရေနံကို အမှီပြုနေရဆဲ ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂