ဘဏ္ဍာရေး လိုငွေပြမှုကိုဖြည့်တင်းရန် ပြင်သစ်အစိုးရက လူချမ်းသာများအပေါ် အခွန်တိုး ကောက်မည်
ပြင်သစ်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးလို ငွေပြမှုကိုဖြည့်တင်းနိုင်ရေးနှင့် ကြွေးမြီကို ထိန်းချုပ်နိုင်ရေးအတွက် လူချမ်းသာများအပေါ် အခွန်တိုးကောက်ရန် စီစဉ်လျက်ရှိကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာဘာ ရူးကပြောသည်။
ထိုအစီအစဉ်တွင် စည်းလုံးညီညွတ်မှုရှိစွာ မျှဝေပေးခြင်း အစီအစဉ်လည်းပါဝင်ပြီး လိုငွေပြနေသည့် ဘဏ္ဍာငွေယူရို ၄၃ ဒသမ ၈ ဘီလီယံကိုဖြည့်တင်းနိုင်ရေးအတွက် ဝင်ငွေမြင့်မားသည့် ပြည်သူများထံမှ အခွန်တိုးကောက်သွားရန်ဖြစ်သည်။
လက်ရှိတွင် ပြင်သစ်နိုင်ငံက ယူရို ၂ သိန်းခွဲနှင့်အထက် ဝင်ငွေရှိသူများအပေါ် အခွန်တိုးကောက်လျက်ရှိသည်။ ယခုအခါ ဝင်ငွေနည်းသူများအပေါ် နည်းသည့် အလျောက်၊ ဝင်ငွေများသူများအပေါ် များသည့်အလျောက် အခွန်ကောက်ခံခြင်းအားဖြင့် မျှတမှုရှိစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖရန်ဆွာဘာရူးက ဇူလိုင်လ ၁၅ ရက်တွင်ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေး လိုငွေပြမှုပမာဏက GDP ၏ ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ ထိုပမာဏသည် ဥရောပသမဂ္ဂက ကန့်သတ်ထားသော GDP ၏ ၃ ရာခိုင်နှုန်း ကို နှစ်ဆနီးပါး ကျော်လွန်နေသည်။
ထို့ပြင် နိုင်ငံ၏ကုန်ထုတ် စွမ်းအားတိုးတက်စေရေး အတွက် နိုင်ငံတော်ကပြဋ္ဌာန်းထားသော အများပြည်သူ ရုံးပိတ်ရက်နှစ်ရက်ကိုလည်း ဖျက်သိမ်းရန် ဖရန်ဆွာဘာရူးက အဆိုပြုထားသည်။ ပြင်သစ်နိုင်ငံသည် ဘဏ္ဍာရေး လိုငွေပြသော်လည်း ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက် ရှိကြောင်း သိရသည်။
MWD Web Portal