လော့စ်အိန်ဂျလိစ်ဧရိယာတွင် ဆန္ဒပြမှုများအပြီး National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ အား တာဝန်မှ ရုတ်သိမ်း
ထရမ့်အစိုးရသည် လော့စ်အိန်ဂျလိစ် ဧရိယာရှိ National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ အား လူဝင်မှုကြီးကြပ်ရေးဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် လွန်ခဲ့သည့်လက တာဝန်ပေးအပ်ခဲ့ပြီးနောက် ယခုအခါ အရေအတွက် လျှော့ချလိုက်ကြောင်း ပင်တဂွန်က အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ကြေညာ ခဲ့သည်။
"တာဝန်ထမ်းဆောင်ရန် အသင့်ရှိခဲ့ကြသည့် တပ်ဖွဲ့ဝင်အားလုံးကို ကျေးဇူး တင်ရှိပါသည်။ လော့စ်အိန်ဂျလိစ်ရှိ ဥပဒေမဲ့အခြေအနေများ လျော့ပါး လာပြီဖြစ်ရာ ကာကွယ်ရေးဝန်ကြီးက California National Guard (79th IBCT) ၏ တပ်ဖွဲ့ဝင် ၂,၀၀၀ အား ဖက်ဒရယ် ကာကွယ်ရေး တာဝန်မှ ရုတ်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်" ဟု ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ ရှောင်ပါနယ်လ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် ထရမ့်မှ ဇွန်လ ၇ ရက်နေ့တွင် National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ နှင့် ရက်အနည်းငယ်အကြာတွင် နောက်ထပ် ၂,၀၀၀ ကို တာဝန်ပေးအပ်ခဲ့ပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအင်အားစုများအား တစ်လကျော်ကြာ တာဝန်ပေးအပ်ထားခဲ့သော်လည်း ထိုကာလအတွင်း အဖွဲ့ဝင်အရေအတွက် တိုးချဲ့ခြင်း (သို့) လျှော့ချခြင်းများ ရှိ၊ မရှိကိုမူ ချက်ချင်းမသိရှိရသေးပေ။
California National Guard အား အမေရိကန် လူဝင်မှုကြီးကြပ်ရေး (ICE) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က တောင်ကယ်လီဖိုးနီးယားတွင် ဆူပူအုံကြွမှုများ တိုးမြင့်လာချိန်တွင် လော့စ်အိန်ဂျလိစ်ဧရိယာရှိ ဆန္ဒပြမှု များကို ထိန်းချုပ်ရန် အရေးပေါ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လော့စ်အိန်ဂျလိစ် ကောင်တီတစ်ဝှမ်းရှိ နေရာများစွာ၌ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သော်လည်းအဓိကအားဖြင့် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့များရှိနေသည့် မြို့လယ်ခေါင် နေရာများတွင် ပိုမိုများပြားခဲ့သည်။
အမေရိကန်ခရိုင်တရားရုံးတစ်ရုံးက ထရမ့်အား California NationalGuard တပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ ဥပဒေမဲ့စွာ ဖက်ဒရယ်အဆင့်သို့ ပြောင်းလဲ အသုံးပြုမှုအတွက် တရားမဝင်ကြောင်း စီရင်ချက်ချမှတ်ခဲ့သော်လည်း အမိန့်ပယ်ဖျက်ရန် 9th US Circuit Court of Appeals က ဆုံးဖြတ်ချက်ချခဲ့သည်။
California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က တပ်ဖွဲ့ဝင်များ ရုတ်သိမ်းကြောင်း ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် "အားလုံးကို အခုပင် ရုတ်သိမ်းပါ" ဟု ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီးဌာနအား တောင်းဆိုခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂