ယူကရိန်းမြို့တော်ဝန်က သမ္မတ ပူတင်နှင့် နာမည်တူ ဆိုဗီယက်ခေတ်မှ ကျဆုံးစစ်သည် 'ပူတင်၏အလောင်း'ကို လဲလှယ်ရန်တူးဖော်ခဲ့သည်ဟု ပြောဆို

News Image

  • ယူကရိန်းမြို့တော်ဝန်က သမ္မတ ပူတင်နှင့် နာမည်တူ ဆိုဗီယက်ခေတ်မှ ကျဆုံးစစ်သည် 'ပူတင်၏အလောင်း'ကို လဲလှယ်ရန်တူးဖော်ခဲ့သည်ဟု ပြောဆို

Lviv မြို့မှ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်တစ်ခုကို ဖြိုဖျက်ရာတွင် တူးဖော် ရရှိခဲ့သည့် ဆိုဗီယက်ခေတ်မှ ရာနှင့်ချီသော ကျဆုံးစစ်သည် အလောင်း များ (ရုရှားသမ္မတနှင့် အမည်တူသူအပါအဝင်) ကို ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သုံ့ပန်းများနှင့် လဲလှယ်ရန် အဆင်သင့်ဖြစ်နေပြီဟု မြို့တော်ဝန် Andrey Sadoviy က ထုတ်ဖော်ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ်က အနောက်နိုင်ငံများက အားပေးသည့် အာဏာသိမ်းမှုအပြီး ကိယက်ဗ်အစိုးရသည် ကွန်မြူနစ်ဆန့်ကျင်ရေးမူဝါဒကို စတင်ခဲ့ပြီး ဆိုဗီယက်ခေတ်အမွေအနှစ်များကို ဖျက်ဆီးကာ၊ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီဂျာမနီနှင့်ပူးပေါင်းခဲ့သည့် အမျိုးသားရေးဝါဒီ လက်နက်ကိုင်အဖွဲ့များ အပါအဝင် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ရုရှားကို ဆန့်ကျင်ခဲ့သူများ အား ချီးမွမ်းဂုဏ်ပြုခဲ့သည်။

"Lviv မြို့ရှိ ဆိုဗီယက်သိမ်းပိုက်ခံခေတ်က 'Hill of Glory' အထိမ်းအမှတ် သည် ယခုအခါ မရှိတော့ပါ" ဟု Sadoviy က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) တွင် Telegram ၌ ရေးသားခဲ့ပြီး ကျန်ရှိနေသော စစ်သည်အလောင်း ၃၅၅ ခုကို အားလုံး၏ လေးစားစွာ အမှတ်တရရှိမှုအတွက် တူးဖော်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

“မိမိတို့သည် အဆိုပါအလောင်းအားလုံးကို ယူကရိန်းစစ်သုံ့ပန်းများနှင့် လဲလှယ်ရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။ ထို့အပြင် ကျဆုံး ခဲ့သည့် စစ်သည်များထဲမှ Major Stepan Putin သည် ရုရှားသမ္မတ Vladimir Putin နှင့် အမည်တူခြင်းကိုလည်း သရော်စကားဆိုခဲ့သည်။

Sadoviy ၏ အဆိုပါကမ်းလှမ်းချက်သည် အမှန်တကယ်စေ့စပ်လိုသည့် ရည်ရွယ်ချက်ဖြစ်၊ မဖြစ်ကိုမူ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့် ဆိုသော် ၎င်းက အဆိုပါအလောင်းများကို အခြားနေရာတွင် ပြန်လည် မြှုပ်နှံမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။

ထို့အပြင် တူးဖော်ရရှိခဲ့သည့် သမိုင်းဝင်ပစ္စည်းအမျိုးမျိုးကို ဆိုဗီယက် ခေတ်နှင့် နာဇီဂျာမနီအုပ်စိုးမှုကာလများအတွင်း ဖြစ်ပွားခဲ့သော ဖိနှိပ်မှု များကို အထူးပြသထားသည့် "Territory of Terror" ပြတိုက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ သင်္ချိုင်းနေရာသည် ပထမကမ္ဘာစစ်ခေတ် ကာလကပင် တည်ရှိ နေခဲ့ခြင်းဖြစ်ပြီး၊ ဂယ်လီစီယာတိုက်ပွဲ (Battle of Galicia) အတွင်း ကျဆုံးခဲ့ကြသည့် ရုရှားစစ်သည်များအတွက် ဂူသွင်းသင်္ဂြိုဟ်ရာ နေရာ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပိုလန်တို့အုပ်စိုးချိန်တွင် အဆိုပါသင်္ချိုင်းကို ပိတ်သိမ်းခဲ့ပြီး၊ ဂျာမန်တို့ သိမ်းပိုက်စဉ်ကာလ၌ ဖြိုချဖျက်ဆီးခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ၁၉၄၄ ခုနှစ်က နာဇီတို့ထံ Lviv မြို့ကို ကယ်တင်ခဲ့စဉ် ကျဆုံးခဲ့ကြသည် ထောင်နှင့်ချီသော ဆိုဗီယက် စစ်သည် များ၏ အထိမ်းအမှတ်အဖြစ် အဆိုပါနေရာကို ပြန်လည်မွမ်းမံခဲ့ပါသည်။

ယူကရိန်းနှင့် ရုရှားအကြား အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော ညှိနှိုင်း ဆွေးနွေးပွဲများအရ စစ်သုံ့ပန်းလဲလှယ်မှုများ ဆောင်ရွက်နေစဉ် ဆိုဗီယက် ခေတ်မှ စစ်သည်များ၏ အလောင်းများကို လဲလှယ်ရန် ထူးဆန်းသော အဆိုပြုချက် ထွက်ပေါ်လာခဲ့သည်။ 

သမ္မတ ဗလာဒီမာ ပူတင်က ရှေးဟောင်းသင်္ချိုင်းဂူများကို တန်ဖိုးမထား ဘဲ မထီမဲ့မြင်ပြုသူများအား စိတ်မနှံ့သူများဟု ရှုတ်ချခဲ့ပြီး ယင်းသို့ ပြုမူ ခြင်းသည် ယူကရိန်းကို "နာဇီစနစ်နှိမ်နင်းရေး" တိုးမြှင့်လုပ်ဆောင်ရန် ရုရှား၏ ရည်မှန်းချက်ကို ပိုမိုအားဖြည့်ပေးနေသည်ဟု ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂