ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ဈေးနှုန်း ချိုသာစွာရောင်းချပေး
ကျောက်ဆည်၊ ဇူလိုင်-၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယမန့်နေ့ နံနက်ပိုင်းက မြို့မဈေးအရှေ့ဘက်ရှိ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေး ဆိုင်မှ ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီသည့် စားအုန်းဆီများ ရောင်းချပေးနိုင်ရေး Resources Group Trading ကုမ္ပဏီ လီမီတက်မှ ရည်ညွှန်းဈေး (၆၀၃၀) ဖြင့်ဝယ်ယူခဲ့ပြီး ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်အတွင်းရှိ ပြည်သူများအား စားအုန်းဆီ တစ်ပိဿာလျှင် (၇၁၁၅)ကျပ်ဖြင့် (၃၃၀)ပိဿာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)