စက်မှုလယ်ယာစနစ် ကူးပြောင်းပြီး မိုးစပါးများကို ကိုဘိုတာ (၆) တန်းသွား ကောက်စိုက်စက်၊ လက်စွဲ ကောက်စိုက်စက်များ အသုံးပြု၍ စိုက်ပျိုး

News Image

  • စက်မှုလယ်ယာစနစ် ကူးပြောင်းပြီး မိုးစပါးများကို ကိုဘိုတာ (၆) တန်းသွား ကောက်စိုက်စက်၊ လက်စွဲ ကောက်စိုက်စက်များ အသုံးပြု၍ စိုက်ပျိုး

ကျောက်ဆည်၊ဇူလိုင်-၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးသီးနှံများ စိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ကူးပြောင်း၍ စပါးသီးနှံများစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အား ရှားပါးမှု ပြဿနာဖြေရှင်းနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီပြီး ပန်းတိုင် အထွက်နှုန်းရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်သည့်အတွက် ကောက်စိုက်စက်များ အသုံးပြု၍ ပြောင်းလဲ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ပံကျေးရွာ အုပ်စု ကွင်းအမှတ် (၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် ကိုဘိုတာ(၆) တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

သရုပ်ပြပွဲတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲနောင်က  ကိုဘိုတာ (၆) တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များ အသုံးပြု၍ စပါးသီးနှံစိုက်ပျိုးခြင်း ဖြင့်ပျိုးထောင်မှု ကုန်ကျစရိတ်သက်သာလွယ်ကူခြင်း၊ ပျိုးသက်နုချိန်တွင်ပြောင်းရွေ့စိုက်ပျိုးခြင်းဖြင့် ကောက်ပင်သန်စွမ်းခြင်း၊ ကောက်ကွက်ပြည့်မီပြီး ကောက်ပင်မနာသဖြင့် ကောက်ပင်လှန်ရက်မစောင့်ရခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအား စုများ သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်းနှင့် စက်ပိုင်းဆိုင်ရာ အချက်အလက်များ အကြောင်းနှင့် သတိပြုလိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ (အင်းကုန်း)မှ  စက်ရုံမှူးဦးမျိုးလွင်ဦး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့်စပါးစိုက်ပျိုးနေမှုများအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

စုစုအေး(ကျောက်ဆည်)