အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell အား အစားထိုးမည်မဟုတ်ကြောင်း Trump ဆို

News Image

  • အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell အား အစားထိုးမည်မဟုတ်ကြောင်း  Trump ဆို

၂၀၂၆ ခုနှစ်တွင် ပထမသက်တမ်းကုန်ဆုံးမည့် Jerome Powell ကို အစားထိုးမည်မဟုတ်ကြောင်း Trump က အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါသည်။ Trump ၏ ပထမအကြိမ်သမ္မတသက်တမ်းတွင်  အတိုးနှုန်းမူဝါဒ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ Trump နှင့် Powell တို့အကြား အငြင်းပွားမှုများ ရှိခဲ့သည်။ ထို့အပြင် Trump သည် Powell ၏ အတိုးနှုန်းမြှင့်တင်မှုများကို မကျေနပ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် ၎င်းအား ရာထူးမှထုတ်ပယ်ရန် တိတ်တဆိတ်ကြိုးပမ်းခဲ့ဖူးသည်။

Trump ၏ ရွေးကောက်ပွဲမဲဆွယ်မှုများတွင် အိမ်ခြံမြေ အတိုးနှုန်းများနှင့် အခြားသော ချေးငွေများကို သက်သာ စေရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်သူလူထုထံ ကတိပြုထားခဲ့သည်။ ယခုအခါ Trump ၏ အကောက်ခွန် နှုန်းထားများတိုးမြှင့်မှုများသည် Powell ၏ ငွေကြေး ဖောင်းပွမှုမရှိစေရန် အားထုတ်နေမှုများအပေါ် သက်ရောက်မှုများ ရှိစေပါသည်။  ပြီးခဲ့သည့်လတွင်  Trump သည် ရာထူးမှနုတ်ထွက်ရန် တွန်းအားပေးလာပါက ရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်းနှင့်  အမေရိကန်ဥပဒေအရ သမ္မတသည် ဗဟိုဘဏ်ဥက္ကဋ္ဌအား သက်တမ်းမကုန်မီ နုတ်ထွက်ခိုင်း၍ မရကြောင်း Powell  က ပြောကြားခဲ့သည်။

ပထမသက်တမ်းအတွင်း Trump ၏ လုပ်ရပ်များသည် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်များကို ဝင်ရောက်စွက်ဖက်သည့်သဘောများပြခဲ့သည်ဖြစ်ရာ  ယခုဒုတိယသက်တမ်းတွင် မည်ကဲ့သို့ဖြစ်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။ 

ကိုးကား - Reuters