ပြင်သစ်သမ္မတ၊ ယူကရိန်းသမ္မတတို့နှင့် ဒေါ်နယ်ထရန့် တွေ့ဆုံ
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ဒီဇင်ဘာလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိNotre-Dame ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြင်သစ်သမ္မတ Macron နှင့် ယူကရိန်း သမ္မတ Zelenskiy တို့နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ သုံးပွင့်ဆိုင် တွေ့ဆုံမှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သည်။
ဒေါ်နယ်ထရန့်အနေဖြင့် ၎င်းတာဝန်ယူချိန်တွင် ယူကရိန်းအား စစ်လက်နက်များ ထောက်ပံ့ပေးနေမှုအားရပ်ဆိုင်းလိုက်မည်ကို ယူကရိန်းသမ္မတနှင့် ဥရောပ ခေါင်းဆောင်တို့အကြား စိုးရိမ်နေကြသည့်အချိန်တွင် ထိုသို့တွေ့ဆုံကြခြင်း ဖြစ်ပါသည်။
ယခုတွေ့ဆုံမှုသည်ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းမှုရရှိခဲ့ကြောင်း၊ ဆက်လက်၍ သုံးဦးသားအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြောင်း ယူကရိန်းသမ္မတက ပြောကြားလိုက်ပါသည်။ သမ္မတ ဒေါ်နယ်ထရန့်သည် အမြဲတစေ ခိုင်မာပြတ်သားသည့်သူ တစ်ယောက်ဖြစ်ကြောင်း၊ ဒေါ်နယ်ထရန့်ကို ကျေးဇူး တင်ကြောင်း သမ္မတဇယ်လန်စကီးက ၎င်း၏ X platform မီဒီယာတွင် ရေးသားထားပါသည်။
ဒေါ်နယ်ထရန့်၏ ယခုပြည်ပခရီးစဉ်သည် ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပထမဆုံးသွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်ပြီး ပြင်သစ်သမ္မတအတွက် ဥရောပနှင့် လာမည့် အမေရိကန်သမ္မတတို့အကြား ဖျန်ဖြေပေးသူ အခန်းကဏ္ဍကို အစောဆုံး ဆောင်ကြည်းပေးနိုင်ခွင့်ရရှိသည့် ခရီးစဉ်လည်းဖြစ်သည်။
လာမည့် ဇန်နဝါရီ ၂၀ တွင် တရားဝင်သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရန့်သည် ယခုအချိန်ကတည်းကပင် ကမ္ဘာ့ခေါင်းဆောင်အများအပြားနှင့် တွေ့ဆုံလျက် ရှိပါသည်။
ကိုးကား - Reuters