ဆူဒန်၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆူဒန်နှင့် ရုရှားအစိုးရတို့သဘောတူ
ဆူဒန်နိုင်ငံ၌ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဆွေးနွေးမှုများ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီး Ali Youssef Ahmed Al-Sharif က ထုတ်ပြန်ကြေညာခဲ့ပါသည်။
Ali Youssef Ahmed Al-Sharif က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နှင့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဤကိစ္စသည် လွန်စွာရိုးရှင်းကြောင်းနှင့် အားလုံးသဘောတူညီပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သော အဆိုပါ သဘောတူညီချက်သည် ရုရှားရေတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြု အဆောက်အဦတစ်ခုဖန်တီးမှုကို အလေးပေး ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။ အဆိုပါရေတပ်အခြေစိုက်စခန်းတွင် သင်္ဘောများပြုပြင်မှုနှင့် ပြန်လည်ထောက်ပံ့ရေးတို့အတွက် အချက်အချာ နေရာတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။
ထို့အပြင် ရေတပ်အခြေစိုက်စခန်းအတွင်းတွင် ဝန်ထမ်းအင်အား ၃၀၀ အထိ ထားရှိသွားမည်ဖြစ်ပြီး ရုရှားသင်္ဘော ၄ စင်းကို တစ်ချိန်တည်း၌ စခန်းချခွင့်ပြုထားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။
ကိုးကား-NP News