အမိန့်ကြော်ငြာစာများ

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၈) ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိ(၆၀၉) ရာထူးနေရာများအတွက် Online စနစ်ဖြင့် e-Recruitement and Selection System (e-RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based)တို့ကို အသုံးပြုကာ ၁-၈-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

ucsb

Mon, 14-Jul-2025

နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူး ၂၀ နေရာ အတွက် Online စနစ်ဖြင့် e-Recruitement and Selection System (e-RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based)တို့ကို အသုံးပြုကာ ၁-၈-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

UCSB

Mon, 14-Jul-2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -

ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသောနိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင်ပြုလုပ်ထားပါရန်၊

အကယ်၍ ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေရေးအတွက် ဇာပြာပိုက်များဖြင့်ကာရံထားပါရန်၊

ရေစီးကြောင်းနှင့် နီးသောငါးကန်များတွင် ရေတိုက်စားမှုကာကွယ်ရန်အတွက် တုတ်ရိုက်ပြီး ဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များဖို့ထားပါရန်၊

လိုအပ်ပါက ငါးများရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန်နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထားပါရန်၊

သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်၊

ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများလွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်၊

မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့်နေရာများအား အစဉ်ဂရုတစိုက်စစ်ဆေးနေပါရန်၊

ထူးခြားသည့်အခြေအနေများ အချိန်နှင်တစ်ပြေးညီသိရှိနိုင်ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့်နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်၊

နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ် မိုးလေဝသသတိပေးချက်များနှင့်ပတ်သက်သည့်သတင်းများကို အမြဲဂရုတစိုက်နားထောင်ပါရန်နှင့် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများတွင်ပါရှိသည့် မိုးလေဝသနှင့်ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ်ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက် အလက်ဖလှယ်ကြပါရန်၊

ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူအညီ တောင်းခံကြပါရန်၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန

Sun, 13-Jul-2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၀/ ၂၀၂၅)

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်

(၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-

            “၁၄။ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို  ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက်  သင့်လျော်သူတစ်ဦးကို  ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။  သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 (ပုံ)မင်းအောင်လှိုင်

      ဗိုလ်ချုပ်မှူးကြီး

      ဥက္ကဋ္ဌ

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

Fri, 20-Jun-2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်ကအာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများ သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉)ရက်မှစတင်၍ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က) အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့လုံးဝ(လုံးဝ)ကူးစက်ခြင်းမရှိပါ၊

(ခ ) ဝက်မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊

( ဂ ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဃ) ဝက်များကို စားသောက်ဆိုင်)အိမ်များမှ စားကြွင်း/ကျန်ကျွေးခြင်းပြုလုပ်ပါက အပူပြင်းပြင်းဖြင့်ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊

( င ) အခြားခြံမှအသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက်ထိန်းချုပ်ရန်၊

( စ ) အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊

(ဆ) ဝက်ခြံများ အပူချိန်၊ စိုထိုင်းဆ၊ လေ၀င်လေထွက်ကောင်းမွန်စေရေးဆောင်ရွက်ရန်၊

( ဇ ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊

(ဈ) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှမွေးမြူရန်၊

( ည) ပြည်ပမှတရားမဝင်တင်သွင်းလာသောဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ဝက်အူချောင်းနှင့်အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊

( ဋ ) တောဝက်နှင့်အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှကာကွယ်ရန်၊

(ဌ ) တောဝက်နှင့်အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ( ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

( ဍ ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

Wed, 11-Jun-2025
တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော အစားအသောက်နှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုအများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်များတွင် တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊တာဝန်ခံမှုမရှိနိုင်သည့် ၎င်းအစား အသောက်အမယ်အား စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် အသိပေးအပ်ပါသည်။

ဖြန့်ဖြူး/ရောင်းချသူများအနေဖြင့် ၎င်းအစား အသောက်အမယ်အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါကအမျိုးသားအစား အသောက်ဥပဒေပုဒ်မ၂၈ (က) အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေး ကြေညာလိုက်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန

Thu, 5-Jun-2025

မိမိပိုင် နိုင်ငံသားစိစစ်ရေးကတ်၊ Mobile SIM Card၊ Mobile Payment Account၊ Bank Account များအား မသက်ဆိုင်သူထံသို့ အခကြေးငွေဖြင့်ရောင်းချခြင်း ၊ ငှားရမ်းအသုံးပြုခြင်းစေခြင်းများ ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်ပါသည်။

Thu, 5-Jun-2025