ပိုက်ဆန်လျှော် သစ်စိမ်းမြေဩဇာ အကြောင်း သိကောင်းစရာများ

Posted_Date

Image

ပိုက်ဆန်လျှော် သစ်စိမ်းမြေဩဇာ အကြောင်း သိကောင်းစရာများ

Body

ယနေ့အချိန်အခါတွင်   ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာ  သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေး အတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေးဆိုင်ရာ   သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။

နိုင်ငံတကာတွင်  စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများ ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူဝယ်ယူ၍ မရသော ပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။

ရေရှည်တည်တံ့သော  စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် မြေဆီလွှာအရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာရရှိရေးမှာ  အရေးကြီးလှပါသည်။  အပင်အာဟာရဓာတ် လုံလောက်မျှတစွာ ရနိုင်မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။နွားချေးနှင့် သစ်ဆွေး မြေဩဇာများသုံးစွဲခြင်း၊ သီးနှံ ရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ ပြန်လည်ထည့်သွင်းပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ  လျော့နည်းဆုံးရှုံးခြင်းတို့ကိုလည်း  ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

သီးနှံအထွက်နှုန်းများ   တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူတောင်သူများ အမြတ်အစွန်းရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှုကို ကောင်းမွန်စေသည့်    ထွန်ယက်စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ  မြေတွင်းသို့ ပြန်လည်ထည့်သွင်း စိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့ပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီး ဆုံးရှုံးခြင်းများကို  ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်း ရှိ  အကျိုးပြုဇီဝ သက်ရှိများနှင့်  အပင်အာဟာရဓာတ် လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းများကို အဓိကထား၍လည်း  ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်  သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းသည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

သစ်စိမ်းမြေဩဇာ

သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု(Biomass) အထွက်များများရရှိသော အပင်မျိုးဖြစ်သည့်အတွက် ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ်ပါသည်။

သီးနှံများမစိုက်ပျိုးမီ   သို့မဟုတ် သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက် စိုက်ပျိုးမည့်သီးနှံအတွက်   လိုအပ်သောနိုက်ထရိုဂျင်ဓာတ်၊  ဖော့စပရပ်စ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့်   သစ်ဆွေးဓာတ်(Organic Matter)များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာ ကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။ သစ်စိမ်းမြေဩဇာအဖြစ် ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲစသည်တို့အပြင် ပိုက်ဆန်လျှော်၊ ဆူးမဲ့ထိကရုံး(Mimosa)အစရှိသည် တို့ကို သစ်စိမ်းမြေဩဇာအပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

Description: C:\Users\NO-73\Desktop\14-2-2025\142132.JPG

ပိုက်ဆန်လျှော်ပင်သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်း

သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရ အလွယ်ကူဆုံး အပင်သည်  ပိုက်ဆန်လျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆန်လျှော်ကို အခြားသီးနှံများ မစိုက်ပျိုးမီ  သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးနိုင်ပါသည်။   ပိုက်ဆန်လျှော်၏ အင်္ဂလိပ်အမည်မှာ  Sunn  hemp  ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆန်လျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်း မြေဩဇာပင်အဖြစ်   လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို   ကောင်းစွာ ပေါက်ရောက်ရှင်သန်နိုင်သော  အပင်ဖြစ်ပါသည်။ အလင်းရောင်ကို တုံ့ပြန်မှုရှိပြီး  နေ့တာရှည်ကာလများရရှိပါက  အပင်ပိုင်းကြီးထွားမှုကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။

ပိုက်ဆန်လျှော်  သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် အတန်းလိုက် (၁’ x ၄”) စိုက်စနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ ၂ ဒသမ ၅ ပြည်နှုန်း၊ ကြဲပက် စိုက်ပျိုးလျှင် ၄ - ၆ ပြည်နှုန်း သုံးစွဲ ရပါမည်။ မျိုးစေ့များကို မြေအနက် ၆-၈ လက်မခန့်ထိ မြေချစိုက်ပျိုးရပါမည်။

ပုံမှန်အားဖြင့် စပါးအခြေခံသီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီးနောက် ထယ်တစ်စပ်၊ ထွန်တစ်စပ်ဝင်ပြီး မျိုးစေ့ကိုညီညာအောင်  ကြဲပက်ရပါသည်။  ထို့နောက်  ထွန်တစ်စပ်ဖြင့်  ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြုပ်ရမည့်အချိန်သည် အထူးအရေးကြီးပါသည်။

မိုးရေကိုသာ  အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ထယ်ထိုး မြေမြှုပ်ပေးရပါသည်။ လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက်   နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆန်လျှော်မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။

နွေသီးနှံရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက်ပျိုးမီ   ပိုက်ဆန်လျှော်မျိုးစေ့ကြဲပက်၍လည်း အပင်  ၄၅  ရက်သားမှ ၆၅ ရက်သားအတွင်း  သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်း ရှိပါသည်။

အပင်၏အစိတ်အပိုင်းများကို   အစိမ်းအတိုင်းထယ်ထိုး၍ မြေမြှုပ်ပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှသာ နောက်သီးနှံစိုက်ပျိုးသင့်ပါသည်။   ကောင်းစွာ   ဆွေးမြည့်သွားသည့်အခါ မြေဆီလွှာအားဖြည့်ပေးသော မြေဩဇာအဖြစ်ရရှိမည်။

ပိုက်ဆန်လျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင်သက်တမ်းအလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ရရှိသော အာဟာရဓာတ်ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည်။

ပိုက်ဆန်လျှော်သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    (၁)     မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေးဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

    (၂)     လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူ ပေးသည့်တွက်  မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးရာ ရောက်ပါသည်။

    (၃)     မြေဆီလွှာအတွင်းရှိ  အပင်အာဟာရဓာတ်များကို မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။

    (၄)     မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများပျက်စီးမှုကို ကာကွယ်ပေးပါသည်။

    (၅)    မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက်စေပါသည်။

သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်)ကို သုံးစွဲခြင်းသည် မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ၊ ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ တိုးတက်ရေးနှင့်  ပျက်စီးနေသောမြေဆီလွှာနှင့် သစ်ဆွေးဓာတ် လျော့နည်းနေသော မြေဆီလွှာများ၊ မြေချဉ်ငန်ကိန်း မြင့်လွန်းသော အပူပိုင်းဒေသ မြေဆီလွှာများပြုပြင်ရန်အတွက် သုံးစွဲရန်အထူးသင့်လျော်ပါသည်။  သက်တမ်းတိုတိုနှင့် ကြီးထွားနှုန်းမြန်ဆန် ၍ မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်နှင့် နိုက်ထရိုဂျင်ပမာဏ များများ ဖြည့်တင်းပေးသည့်အပြင်  အကုန်အကျသက်သာသည့် ပိုက်ဆန်လျှော်ကိုဝင်ငွေရ သီးနှံများ မစိုက်မီသစ်စိမ်းမြေဩဇာအဖြစ် နှစ်စဉ်စိုက်ပျိုးသင့်ပါကြောင်း   သိရှိနိုင်ပါရန်   ရေးသားတင်ပြအပ်ပါသည်။        ။