ပြီးပြည့်စုံသည့် ကလေးတစ်ယောက်၏ ဘဝအစခြေလှမ်း

Posted_Date

Image

ပြီးပြည့်စုံသည့် ကလေးတစ်ယောက်၏ ဘဝအစခြေလှမ်း

Body

တကယ်တော့ ပြီးပြည့်စုံသည့် ကလေးတစ်ယောက်၏ ဘဝအစခြေလှမ်းက မိဘများ၏ ပြုစုစောင့်ရှောက်မှုအပေါ်မှာ မူတည်နေပါသည်။ ကလေးတွေဆိုတာ မိဘတွေ ထားရာနေ၊ ကျွေးတာစား၊ သင်ပေးသည့်အတိုင်း ကြီးပြင်းလာရ တာမလား။ ကလေးတစ်ယောက် ပြီးပြည့်စုံသည် ဖွံ့ဖြိုးတိုးတက်မှုရရန် တစ်နည်းအားဖြင့် ဦးနှောက်လည်း ဖွံ့ဖြိုး၊ ခန္ဓာကိုယ်လည်း ဖွံ့ဖြိုးစေဖို့ မိဘတွေ ဘယ်လိုများ စောင့်ရှောက်ကြရင် ကောင်းမလဲ။

ပြီးပြည့်စုံသည့် ကလေးတစ်ယောက်၏ ဘဝအစခြေလှမ်း ကို စတင်လှမ်းလျှောက်နိုင်ရန်

ကလေးတစ်ယောက်၏ ဖွံ့ဖြိုးမှုဆိုတာ ကလေးလေး ပေါင်ချိန်တက်လာတာနှင့်တင် မပြီးသေးပါ။ သူ့အရွယ်အလိုက် milestones တွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုတွေရှိဖို့ လိုသလို ကျန်းကျန်းမာမာနှင့် ကြီးပြင်းလာဖို့လည်း လိုသေးတယ်မလား။

ဒီလိုဆိုတော့ ကလေးတစ်ယောက်ကို ပြီးပြည့်စုံသည့် ဖွံ့ဖြိုးတိုးတက်မှုရအောင် လုပ်ရတာ မလွယ်ပါလားလို့ မေမေတို့ တွေးမိကြတယ်ဟုတ်။ ဒါတွေကို တစ်ခုချင်းဆီ ရှင်းပြသွားမှာမို့လို့ ဆောင်းပါးအဆုံးကျရင် မေမေတို့ ဘာလုပ်ရမလဲ ဆိုတာ ရှင်းရှင်းလင်းလင်းသိသွားမှာပါ။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ကလေးတွေမှာ ကိုယ်အလေးချိန် ပုံမှန်တက်တာ၊ milestones တွေအတိုင်း ကြီးထွားလာတာ၊ မကြာခဏ နေမကောင်းမဖြစ်တာ စတာတွေ ပါဝင်ပါသည်။ 

ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် မေမေတို့ ကူပေးနိုင်တာကတော့

  • ကလေးတွေ milestones တက်ဖို့ ကူညီလေ့ကျင့်ပေးပါ။

မှောက်တာ၊ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ၊ စကားပြောတာတွေက သူ့အလိုလိုဖြစ်လာမှာဆိုပေမယ့် ဘေးနားက မိဘများ၏ ပံ့ပိုးမှုလည်း လိုပါသည်။ ဥပမာ ကလေးကို tummy time ကျင့်ပေးတာ၊ သူစကားပြော လာအောင် မြှူပေးတာမျိုးပေါ့။

အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။

ကလေးတွေ ထိုင်တာ၊ ထတာတွေက ကြွက်သားတွေ အသုံးပြုရသလို ဒီကြွက်သားတွေကိုလည်း ဦးနှောက်က ထိန်းချု ပ်ထားတာပါ။ ဒီတော့ ကြွက်သားတွေ၊ ဦးနှောက်တွေအတွက် လိုအပ်သည့် အာဟာရတွေ ဖြည့်ပေးဖို့ လိုတာပေါ့။ မိခင်နို့တိုက်သည့် ကလေးတွေကတော့ မိခင်နို့နဲ့တင် ပြည့်စုံနေပြီမို့လို့ ဘာမှမလိုတော့ပါ။

အကြောင်းအမျိုးမျိုးကြောင့် ဖော်မြူလာတိုက်ရမယ်ဆိုရင်တော့ ကလေးတွေအတွက် လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်တွေ၊ ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်ထက်မြက်ဖို့ အတွက် DHA ပါတာတွေ ရွေးချယ်သင့်ပါသည်။

ကာကွယ်ဆေးတွေ အပြည့်အစုံထိုးထားပါ

ကလေးတွေမှာ ခုခံအားက မိခင်နို့ကနေတစ်ဆင့် ရတယ်ဆိုပေမယ့် ကြာလာလေလေ နည်းလာလေလေ ဖြစ်လို့ ကိုယ်တိုင် ကာကွယ်ဆေးထိုးထားတာက ပိုပြီး စိတ်ချရပါသည်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်ရသည့် ရောဂါတွေက ဖြစ်လာရင် ကုစရာဆေးမရှိသလို ကလေးတွေကို သေဆုံးတာ၊ မသန်စွမ်း ဖြစ်သွားစေနိုင်တာကြောင့် အသက်အလိုက် စုံစုံလင်လင် ထိုးထားပေးဖို့ လိုပါသည်။

ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်

မွေးစကနေ ၅နှစ်အထိက ဘဝတစ်လျှောက်လုံးမှာ ဦး‌နှောက်ဖွံ့ဖြိုးမှု အဖြစ်ဆုံးအရွယ်ပါ။ ဒါကြောင့် အဆိုပါ အရွယ်လေးတွေကနေစပြီး ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးဖို့ (IQ)၊ စိတ်ခံစားချက်ကောင်းမွန်ဖို့ (EQ) မိဘတွေက ကူညီပေးရမှာပါ။

မေမေတို့ လုပ်ပေးရမယ့် နည်းလမ်းတွေကတော့

ကလေးနှင့် အဆက်အသွယ်ပြုလုပ်နေပါ

မွေးစကလေးတွေက မေမေတို့ ပြောနေတာကို နားလည်ချင်မှ နားလည်မှာပါ။သို့သော် သူတို့ရဲ့ ဦးနှောက်က မေမေ တို့နှင့် ဆက်သွယ်ဖို့ ကြိုးစားနေတာကြောင့် ကလေးကို မြှူပေးပါ။ စကားပြောပေးပါ။ စာဖတ်ပြတာ၊ အရုပ်လေးတွေ ပြတာ လုပ်ပေးပါ။

ကလေးနှင့် အတူဆော့ပေးပါ

ဆော့တတ်သည့် အရွယ်ရောက်ပြီဆိုရင် သူနှင့်အတူ ကစားစရာလေးတွေ အသုံးပြုပြီး ဆော့ပေးပါ။ ကလေးတွေက learn through play လို့ခေါ်သည့် နေ့စဉ်ဆော့ကစားရာကနေ ပတ်ဝန်းကျင်ကအရာတွေကို သင်ယူနေတာ ဖြစ်ပါသည်။

  • ကလေးကို စိတ်ဖိစီးအောင် မလုပ်ပါနှင့်

ကလေးကို ရိုက်နှက်တာ၊ ထမင်းကုန်အောင် မစားလို့ ဆူပူကြိမ်းမောင်းတာ၊ ကလေးကို တစ်ယောက်တည်း ပစ်ထားတာ ဒါတွေကို မလုပ်ရပါဘူး။ အဆိုပါအချက်တွေက ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ခံစားချက်ကို ထိခိုက်စေနိုင် ပါသည်။ စိတ်ဒဏ်ရာရထားသည့်က‌လေးတွေက ဖွံ့ဖြိုးမှုနှေးကွေးသလို နောက်ပိုင်း စာသင်သည့်အခါမှာလည်း အခက်အခဲ ရှိနိုင်ပါသည်။ ယင်းအစား ကလေးကို နွေးနွေးထွေးထွေး ဆက်ဆံတာ၊ ကလေးရင်ဖွင့်တာကို နားထောင် ပေးတာ၊ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာက ကလေးများ၏ စိတ်ကို လုံခြုံမှုဖြစ်စေမှာပါ။

အာဟာရပြည့်ဝအောင် ကျွေးပါ

ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း အာဟာရက အရေးပါသည့် နေရာကနေ ပါဝင်နေပါသည်။ အနည်းဆုံး ကလေး အသက် ၆ လ အထိ မိခင်နို့တိုက်ပါ။ ကလေးအသက်၂နှစ်အထိ တိုက်နိုင်ရင် ပိုကောင်းပါသည်။ ဖြည့်စွက်စာ စားသည့် အချိန်ရောက်ရင် အာဟာရပြည့်ဝအောင် စုံစုံလင်လင် ကျွေးမွေးပါ။ ဖော်မြူလာနို့တွေ တိုက်မယ်ဆိုရင်လည်း ဦးနှောက် ဖွံ့ဖြိုးမှုကို အားပေးသည့် DHA ပါတာကို ရွေးချယ်ပါ။

ဦးနှောက်ကို ထိခိုက်ဒဏ်ရာများနှင့် ကူးစက်ရောဂါများကနေ ကာကွယ်ပါ

ဦးနှောက်ဖွံ့ဖြိုးစ အရွယ်မှာ မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာတွေ ရခဲ့ပါက ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကလေးဆော့သည့်အခါ၊ ကလေးနှင့် အပြင်သွားသည့်အခါ၊ ကားစီးသည့်အခါ သတိထားပါ။

ကူးစက်ရောဂါများအတွက်က ကာကွယ်ဆေးတွေကို အသက်အလိုက် ပြည့်ပြည့်စုံစုံထိုးထားပါ။ ဒါဆိုရင် ဦးနှောက်ကို ထိခိုက်နိုင်သည့် ပိုးတွေကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။

ပြီးပြည့်စုံသည့် ကလေးတစ်ယောက်ဖြစ်လာဖို့ မေမေတို့အနေဖြင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ခံစားချက် ဒါတွေအကုန်လုံးကို မျှမျှတတ ဂရုစိုက်ဖို့ လိုပါသည်။ ထိုအရွယ်လေးတွေက ဘဝ၏ တာထွက်အစ ဖြစ်တာကြောင့် သေချာဂရုစိုက်ပေးမှု ပြီးပြည့်စုံစွာ ကြီးပြင်းလာမှာ ဖြစ်ပါသည်။