ဉာဏ်ရည်တိုးတက် ထက်မြက်စေမည့် ရိုးရှင်းသော လုပ်ဆောင်ချက်များ

Posted_Date

Image

ဉာဏ်ရည်တိုးတက် ထက်မြက်စေမည့် ရိုးရှင်းသော လုပ်ဆောင်ချက်များ

Body

ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်များကို  ပြုစုပျိုးထောင်ခြင်းဖြင့်  ဦးနှောက်စွမ်းအားကို မြှင့်တင်နိုင်ကြောင်း သုတေသီများက ရှာဖွေတွေ့ရှိ လာကြသည်။ အခက်အခဲများကိုဖြေရှင်းခြင်း၊ စူးစမ်းချင်စိတ်မွေးမြူခြင်း၊ ဘာသာစကားအသစ်များ သင်ယူ ခြင်း၊  ပတ်ဝန်းကျင်ရှိနေရာနှင့်  အမြင်အာရုံများကို ဆက်စပ်နိုင်ရန်လေ့ကျင့်ခြင်း၊ တိတ်ဆိတ်စွာနေရန် အချိန်ခဏယူခြင်းနှင့် နောက်ပြန်တွေးခြင်းတို့ပါဝင် သည်။ တခြားသူများကို သင်ကြားပေးခြင်း၊ မတူညီ သောရှုထောင့်များကို ထည့်သွင်းစဉ်းစားခြင်း၊ သက်သောင့်သက်သာရှိသော အခြေအနေများမှ ရုန်းထွက်ခြင်းနှင့် အိပ်ရာမဝင်မီ နေ့စဉ်တွေ့ကြုံခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းတို့သည်     မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ တိုးတက်စေနိုင်သည်။

ဉာဏ်ရည်ဉာဏ်သွေးသည်  လူတို့၏မွေးရာပါ စရိုက်လက္ခဏာဟု လူအများက ယုံကြည်ကြသော် လည်း လေ့ကျင့်မှုဖြင့်ကြီးထွားနိုင်သော ပြုစုပျိုးထောင် နိုင်သည့် ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ကျန်းမာရေး နှင့်ညီညွတ်သောအလေ့အကျင့်များကို ကျင့်သုံးခြင်းဖြင့် ဦးနှောက်စွမ်းအားကိုမြှင့်တင်နိုင်ပြီး သင်ယူနိုင် စွမ်းကို    ပိုမိုကောင်းမွန်စေသည်။   နေ့စဉ်လုပ်ငန်းဆောင်တာများကို ရိုးရှင်းသောပြောင်းလဲမှု အနည်းငယ်ဖြင့်   ဦးနှောက်၏ တီထွင်ဖန်တီးတွေးခေါ်မှုကို လှုံ့ဆော်ပေးပြီး  သိမြင်နိုင်စွမ်းကို  တိုးတက်စေကာ ပိုမိုရှင်းလင်းစွာ တွေးခေါ်နိုင်စေသည်။

ဦးနှောက်ကို အသိပညာဖြင့်မြှင့်တင်ခြင်း

 'You are what you eat'  ဆိုသကဲ့သို့  သင်ယူသည့်အပေါ်အခြေခံ၍    လိုက်လျောညီထွေဖြစ်စေသော   ဉာဏ်ရည်ထက်မြက်မှုကိုဖြစ်စေသည်။

ဦးနှောက်ကိုထက်မြက်နေစေရန်  စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတစ်ခုခုကိုနေ့စဉ်ရယူပါ။   စိတ်ဝင်စားဖို့ ကောင်းသည့်နည်းဖြင့် ခက်ခဲသောစာအုပ်တစ်အုပ်ကိုဖတ်ရှုခြင်း၊  နက်နဲသော  Podcast တစ်ခုကို နားထောင်ခြင်းနှင့်  ရှုပ်ထွေးသောပဟေဠိများကို ဖြေရှင်းခြင်းတို့ ပါဝင်သည်။ ခက်ခဲသောစကားဝှက် ကို အဖြေရှာခြင်း သို့မဟုတ် တွေးခေါ်မှုကိုလှုံ့ဆော်ပေးသော  ဆောင်းပါးတစ်ပုဒ်ကိုဖတ်ရှုခြင်းက ဦးနှောက်ကို  တွေးတောဆင်ခြင်ရန်  တွန်းအားပေး နိုင်သည်။

စူးစမ်းချင်စိတ်ကိုမွေးမြူခြင်း

ကလေးများသည်  သဘာဝအတိုင်း စူးစမ်းတတ်သောကြောင့် 'ဘာကြောင့်လဲ' ဟု မေးတတ်သည်။ စူးစမ်းချင်စိတ်သည် သင်ယူခြင်း၏အခြေခံအုတ်မြစ် ဖြစ်သည်။ စူးစမ်းချင်စိတ်ကို မွေးမြူခြင်းသည် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ နေ့စဉ် နက်နက်နဲနဲစူးစမ်းလေ့လာရန်   အကြောင်းအရာ တစ်ခုကိုရွေးချယ်ပါ။ အဖြေကိုအမြန်ရှာမည့်အစား အကြောင်းအရာကို စေ့စေ့စပ်စပ်လေ့လာကြည့်ပါ။ ဥပမာအားဖြင့် အာကာသကို စိတ်ဝင်စားပါက တွင်းနက်များ သို့မဟုတ် တခြားဂြိုဟ်များပေါ်ရှိ သက်ရှိများ၏ဖြစ်နိုင်ခြေများအကြောင်း နောက်ဆုံး ရှာဖွေတွေ့ရှိချက်များကို သုတေသနပြုပါ။   ဤအလေ့အကျင့်သည်  တွေးခေါ်မှုကိုထက်မြက်စေပြီး အသိပညာကို တိုးတက်စေသည်။   စူးစမ်းချင်စိတ်မျာလာလေဉာဏ်ရည်ထက်မြက်လာလေဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက်  ဘာသာစကားအသစ်များကို လေ့လာခြင်း

အထူးသဖြင့် အသက်ငယ်ငယ်ကတည်းက ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းသည် ဦးနှောက်ကို ထူးခြားသောနည်းလမ်းများဖြင့် လှုံ့ဆော်ပေးသည်။ အရွယ်ရောက်ပြီးစ ကလေးငယ်များ၏ IQ မြှင့်တင်မှုတွင် ဘာသာစကားသင်ယူခြင်းမှ အများဆုံးအကျိုး ခံစားရသကဲ့သို့ အရွယ်ရောက်ပြီးသူများသည်လည်း ဘာသာစကားလေ့လာရေး အက်ပ်များ  အကူအညီ ယူ၍ ဘာသာစကားအသစ်များကို သင်ယူခြင်းဖြင့်မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။

အမြင်အာရုံလေ့ကျင့်ခန်းများဖြင့် IQ မြှင့်တင်ခြင်း

 အမြင်အာရုံဆိုင်ရာ   ဉာဏ်ရည်ဉာဏ်သွေးသည် အမြင်ရုပ်ပုံများနှင့် အမြင်အာရုံဆက်နွှယ်မှုကို အသုံးပြု၍ပြဿနာများကို ဖြေရှင်းသည့် အထူးကျွမ်းကျင်မှု တစ်ခုဖြစ်သည်။ ဗိသုကာပညာရှင်၊ အနုပညာရှင်များနှင့် အင်ဂျင်နီယာများအဖြစ် ထူးချွန်သူများတွင် ဤ ဉာဏ်ရည်အမျိုးအစားကို တွေ့ရလေ့ရှိသည်။ ဝင်္ကပါ များကိုဖြေရှင်းခြင်း၊ 3D Model များဖြင့် လုပ်ဆောင် ခြင်း၊  မြေပုံများဖတ်ခြင်းကဲ့သို့သော  လေ့ကျင့်ခန်း များပြုလုပ်ခြင်းဖြင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရည် ကို တိုးတက်စေသည်။ ရှုပ်ထွေးသော ပစ္စည်းအစိတ်အပိုင်းများကို တပ်ဆင်သော jigsaw puzzle ကဲ့သို့ ပဟေဠိတစ်ခုကိုဖြေရှင်းကြည့်ပါ သို့မဟုတ် ရှုထောင့် အမျိုးမျိုးမှ   အရာဝတ္ထုများကို   စိတ်ကူးပုံဖော်ရန် လိုအပ်သည့် Point-of-view exercise များကို လေ့ကျင့်ကြည့်ပါ။  ရိုးရှင်းသော်လည်း  ထိရောက်သော လှုပ်ရှားမှုများကို နေ့စဉ်ဘဝတွင် လေ့ကျင့်ခြင်းဖြင့် ဉာဏ်ရည်ကိုသာမက စိတ်ပိုင်းဆိုင်ရာတက်ကြွမှုနှင့် လိုက်လျောညီထွေရှိမှုကိုလည်း    တိုးတက်စေနိုင်သည်။

စိတ်ကြည်လင်စေရန် တိတ်ဆိတ်ငြိမ်သက်စွာနေခြင်းကို လေ့ကျင့်ခြင်း တိတ်ဆိတ်ငြိမ်သက်စွာနေ၍ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာငြိမ်သက်မှုကို  အာရုံစိုက်ခြင်းသည်စိတ်ကြည်လင်စေသော လေ့ကျင့်မှုတစ်ခုဖြစ်သည်။ စိတ်ခံစားမှုများကိုပြေငြိမ်းစေရန်၊     စိတ်ဖိစီးမှုကို လျှော့ချရန်နှင့်  ထိန်းချုပ်နိုင်စွမ်းကိုတိုးတက်စေရန် ကူညီပေးနိုင်သည်။   အေးအေးဆေးဆေးထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းကို လေ့ကျင့်ရန် တစ်ရက်ကို အနည်းဆုံးငါးမိနစ်လောက် အချိန်ပေးပါ။ တိတ်ဆိတ်ခြင်းသည် စိတ်ခွန်အားကြီးထွားမှုအတွက် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်ပြီး ဉာဏ်ရည်ကို သိသိသာသာမြှင့်တင်ပေးနိုင်ပါသည်။ တိတ်ဆိတ်သော အခိုက်အတန့်တွင် ဦးနှောက်က စိတ်ကူးများကို ချိတ်ဆက်နိုင်ပြီး ပြဿနာများကို ပို၍ထိရောက်စွာ  ဖြေရှင်းနိုင်ပါသည်။ ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု   သို့မဟုတ်   တီထွင်ဖန်တီးနိုင်သောအဖြေတစ်ခုကို ရရှိလာနိုင်သည်။

ပြဿနာဖြေရှင်းရန် နောက်ပြန်စဉ်းစားခြင်း

"နောက်ပြန်တွေးခြင်း" ဆိုသည်မှာ လိုချင်သော ရလဒ်ကို စိတ်ထဲထားပြီး ထိုရလဒ်ကိုဖြစ်ပေါ်စေမည့် လိုအပ်သောလုပ်ဆောင်မှုများ   သို့မဟုတ်   အခြေအနေများကို   ဖော်ထုတ်ရန်    နောက်ပြန်လှည့်ကာ အဖြေရှာခြင်းဖြစ်သည်။ နောက်ပြန်တွေးခြင်းသည် ပြဿနာဖြေရှင်းနိုင်စွမ်းရည်ကို  ထက်မြက်စေမည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ အကယ်၍ သင်သည် ပရောဂျက်တစ်ခုကို စီစဉ်နေပါက နောက် ဆုံးရလဒ်ကို ဦးစွာမြင်ယောင်ပြီး ထိုနေရာသို့ မည်သို့ ရောက်ရှိရမည်ကို    အဆင့်ဆင့်ဖော်ထုတ်ခြင်းဖြစ်သည်။  အဆုံးပန်းတိုင်ကိုစိတ်ထဲ ထား၍  စတင်ပြီးအောင်မြင်ရန် လိုအပ်သည့်အဆင့်များကို အဖြေရှာရန် နောက်ပြန်လှည့်ပါ။ ဤနည်းလမ်းသည် အတွေးများအတွက်  ရှင်းလင်းပြတ်သားသော နည်းလမ်းများနှင့် လက်တွေ့ကျသောအဖြေကို ပေးနိုင်ပါသည်။

တခြားသူများကို သင်ပေးခြင်းဖြင့် သင်ယူခြင်း

 ဘာသာရပ်တစ်ခုကို တစ်စုံတစ်ဦးအားသင်ကြားရန် တက်ကြွစွာပြင်ဆင်ခြင်း၊ အယူအဆများကို ရှင်းလင်းစွာရှင်းပြခြင်းနှင့် ဖြစ်နိုင်ခြေရှိသောမေးခွန်းများ ကို  ဖြေရှင်းပေးခြင်းဖြင့်  ကိုယ်ပိုင်နားလည်မှုကိုပိုမိုခိုင်မာစေသည်။ တခြားသူများကို သင်ကြားပေးခြင်းသည် အချက်အလက်အသစ်များကို နားလည်စေမည့် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အသစ်အဆန်းတစ်ခုခုကို လေ့လာသည့်အခါ ၎င်းကို သူငယ်ချင်း   သို့မဟုတ်  ဆိုရှယ်မီဒီယာမှတစ်ဆင့် တခြားသူများအား မျှဝေပါ။ မိသားစုဝင်တစ်ဦးဦးကို  ရှင်းပြပါ။  သင်ကြားခြင်းက  သင့်အတွက်သာမက သင့်ပတ်ဝန်းကျင်ရှိသူများကိုပါ အကျိုးပြုစေပါသည်။

မတူကွဲပြားသောအတွေးအမြင်များနှင့် ချိတ်ဆက်ခြင်း

အတွေးအခေါ်မတူသူများနှင့်   ထိတွေ့ဆက်ဆံခြင်းက သင့်အမြင်ကိုချဲ့ထွင်နိုင်ပြီး ဉာဏ်ရည်ထက် မြက်စေနိုင်ပါသည်။ အမြင်မတူသူများနှင့် ထိတွေ့ ဆက်ဆံဆွေးနွေးခြင်းဖြင့် စိတ်မသက်မသာဖြစ်နိုင်သော်လည်း ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို လှုံ့ဆော်ပေးသောကြောင့် အမြင်ကျယ်ပြန့်စေပြီး ဦးနှောက် ကို  နိုးကြားလာစေသည်။  ထို့ကြောင့်  မတူကွဲပြားသောရှုထောင့်မှထင်မြင်ချက်များကို မျှဝေသည့် ဆွေးနွေးပွဲများတွင်  ပါဝင်ဆွေးနွေးခြင်း  သို့မဟုတ် ခေါင်းစဉ်အမျိုးမျိုးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကို   အားပေးသည့်ပွဲများကို   တက်ရောက်ပါဝင် ဆွေးနွေးမှုများပြုလုပ်ရန်   အတွေးအခေါ်ပညာရှင်များက တိုက်တွန်းထားသည်။

သက်သောင့်သက်သာရှိသော  အခြေအနေမှ ရုန်းထွက်ခြင်း

ဦးနှောက်သည်     သက်သောင့်သက်သာရှိသော အခြေအနေတစ်ခုမှကျော်လွန်၍ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ ဦးနှောက်ကိုကြီးထွားစေသည်ဟုဆိုသည်။  ညာသန်သူသည် ဘယ်ဘက်လက်ကိုအသုံးပြု၍အလုပ်လုပ်ခြင်း၊  ကျွမ်းကျင်မှုအသစ်ကို သင်ယူခြင်း၊ အစားအစာအသစ်များ စမ်း၍ချက်ပြုတ်ခြင်း၊   အလုပ်သို့   လမ်းကြောင်းအသစ်မှသွားခြင်းကဲ့သို့    သက်သောင့်သက်သာ အခြေအနေတစ်ခုမှ ရုန်းထွက်သည့်အပြောင်းအလဲများဖြင့်  စတင်ရန် ကြိုးစားပါ။ သေးငယ်သော အပြောင်းအလဲများသည်လည်း ဦးနှောက်ကိုနိုးကြားလာစေပြီး ကြီးမားသောရလဒ်များ ရရှိစေနိုင်သည်။ ဥပမာအားဖြင့် နံနက်ခင်း ပုံမှန်လုပ်ငန်းစဉ်တွင် ဖုန်းကိုကြည့်မည့်အစား ယောဂ လေ့ကျင့်ခန်းကိုပြောင်းလဲခြင်းဖြင့်   မှတ်ဉာဏ်နှင့် တခြားသောသိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်များ အတွက် အကောင်းဆုံးရလဒ်များကို ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

ညမအိပ်ခင် တစ်နေ့တာကို ပြန်လည်သုံးသပ်ရန် အချိန်ယူခြင်း

 ညတိုင်း  အိပ်ရာမဝင်မီ တစ်နေ့တာလုံး တွေ့ကြုံ ခဲ့သမျှကို စကားစမြည်ပြောဆိုခြင်းမှ သတင်းအချက် အလက်အသစ်များအထိ    ခဏလောက်အချိန်ယူ စဉ်းစားပါ။  ဤအလေ့အကျင့်သည်  မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပြီး အာရုံကြောများ ချိတ်ဆက်မှုကို အားကောင်းစေသဖြင့်     အရေးကြီးသောသတင်း အချက်အလက်များကို စိတ်ထဲတွင်ပို၍ မှတ်မိအောင် ကူညီပေးသည်။  အစည်းအဝေးတစ်ခု  သို့မဟုတ် ကြည့်ရှုခဲ့သည့်ရုပ်ရှင်တစ်ကားမှ အဓိကအချက်များကို  ပြန်စဉ်းစားကြည့်ပါ။ ဤလေ့ကျင့်ခန်းကို  ည အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက်     သင်မည်မျှ မှတ်မိသည်ကို  အံ့သြသွားနိုင်သည်။ မှတ်ဉာဏ်ကို တိုးတက်စေခြင်းသည် အချက်အလက်များကို ကျက်မှတ်ရုံထက်မက  အလိုရှိသောအရာကို  ရရှိစေမည့် စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်ကို တည်ဆောက်ခြင်း ဖြစ်သည်။

အနှစ်ချုပ်ရလျှင် ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက် မြက်လာစေရန်လေ့ကျင့်မှုမှာ ခဲယဉ်းသောအလုပ် တစ်ခုတော့မဟုတ်ပါ။ နေ့စဉ်ဘဝတွင် စူးစမ်းလိုစိတ် ကိုပြုစုပျိုးထောင်ခြင်း၊ လှုပ်ရှားမှု အသစ်များကိုစမ်းသုံးခြင်းနှင့် သက်သောင့်သက်သာရှိသော အခြေအနေတစ်ခုမှ ရုန်းထွက်ခြင်းဖြင့် သိမြင်နိုင်စွမ်းကိုမြှင့်တင်ပြီး  ဦးနှောက်ဉာဏ်ရည်ကို  မြှင့်တင်နိုင်ပါ သည်။ နေ့စဉ်ဘဝတွင် ရိုးရှင်းသော အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေပြီး    မှတ်ဉာဏ် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါသည်။             

Source: Myawady Web Portal