နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဝတ်မှုန်ကူးရာတွင်ကူညီပေး

Posted_Date

Image

နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဝတ်မှုန်ကူးရာတွင်ကူညီပေး

Body

နေကြာသီးနှံသည် စိုက်ပျိုးရာတွင်ကုန်ကျစရိတ်နည်းခြင်း၊  အပျက်အစီးနည်းခြင်း၊  အထွက်နှုန်းကောင်းခြင်းနှင့်  တစ်ဧကဆီထွက်နှုန်းများခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့်သီးနှံတစ်မျိုးဖြစ်သည်။တောင်သူဦးကြီးများအနေဖြင့်  နေကြာစိုက်ပျိုးထုတ်လုပ်ရာတွင်  တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မှန်ကန်သောနည်းစနစ်များနှင့်စိုက်ပျိုးကြရန်အလွန်အရေးကြီးသည်။    မှန်ကန်သောစိုက်ပျိုးနည်းစနစ်များတွင် မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း၊ စိုက်နည်းစနစ်မှန်ကန်ခြင်း၊ ပေါင်းကာကွယ်နှိမ်နင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ မြေသြဇာကိုအချိုးကျ၊  အချိန်ကိုက်မှန်ကန်စွာ   အသုံးပြုခြင်း၊ ရေသွင်းမှုမှန်ကန်ခြင်း၊  ရိတ်သိမ်းချိန်မှန်ကန်ခြင်း စသည့်နည်းလမ်းများကိုအသုံးပြုကြသည်။ နေကြာသီးနှံအထွက်နှုန်းတိုးရေးအတွက်  နိုင်ငံတကာမှတောင်သူများဆောင်ရွက်နေကြသော အခြားနည်းလမ်းတစ်ခုမှာ ဝတ်မှုန်ကူးရာတွင်ကူညီပေးခြင်းဖြစ်သည်။

နေကြာပန်း ဝတ်မှုန်ကူးခြင်း

နေကြာသီးနှံတွင် ဝတ်မှုန်ကူးခြင်းသည် အဓိကအရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။ ဝတ်မှုန်ကူးမှုကောင်းမှသာ နေကြာစေ့အထွက်နှုန်းကောင်းသည်။ ဝတ်မှုန်ကူးမှုမကောင်းခဲ့လျှင် နေကြာအစေ့အဆန်များ အောင်မြင်မှုနည်းပြီး အထွက်နှုန်းလျော့သည်။

နေကြာသည် ပန်းပွင့်တွင်ပါဝင်သော အဖိုနှင့်အမတို့အရွယ်ရောက်ချိန် မတူညီကြသည့်အတွက် ပင်ခြားဝတ်မှုန်ကူးသောအပင်အမျိုးအစားဖြစ်သည်။ ဆိုလိုသည်မှာ အမအင်္ဂါမဖွံ့ဖြိုးခင် (သို့)အဖိုဝတ်မှုန်များကိုအမအင်္ဂါမှလက်ခံရန် အဆင်သင့်မဖြစ်သေးခင်မှာ အဖိုအင်္ဂါသည် ကြီးထွားဖွံ့ဖြိုးသည်။ ဤအချက်သည်ပင်တည်းဝတ်မှုန်ကူးမှုကို  အဟန့်အတားဖြစ်စေသည်။ နေကြာသည် အတိုင်းအတာတစ်ခုအထိပင်တည်းဝတ်မှုန်ကူးမှု(တစ်ပွင့်တည်းအတွင်း ဝတ်မှုန်ကူးခြင်း)ဖြစ်နိုင်သော်လည်း အစေ့အဆန်တည်ခြင်း၊ဆီပါဝင်မှုနှုန်းများခြင်းနှင့်  အထွက်နှုန်းကောင်းခြင်းတို့အတွက် ပင်ခြားဝတ်မှုန်ကူးခြင်း(အခြားပန်းပွင့်နှင့်ဝတ်မှုန်ကူးခြင်း)အပေါ်မှာ အဓိကအားဖြင့်မှီခိုနေသည်။

နေကြာပန်း၏ဝတ်မှုန်သည်   စေးကပ်သောသဘောရှိသဖြင့်  လေအားဖြင့် ဝတ်မှုန်ကူးနိုင်ရန်အခက်အခဲရှိသည်။ ပင်ခြားဝတ်မှုန်ကူးနိုင်ရန် ပျား၊လိပ်ပြာ၊ ပိတုန်း စသည့်အင်းဆက်များသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်။ နေကြာစိုက်ခင်းအနီးတွင် မွေးမြူရေးပျားပုံးများ တစ်ဧကလျှင် တစ်ပုံး၊နှစ်ပုံးထားရှိပြီး ပျားများ၏အကူအညီဖြင့် ပင်ခြားဝတ်မှုန်ကူးခြင်းကိုဖြစ်စေကာ အထွက်နှုန်းတိုးအောင်ဆောင်ရွက်ကြသည်။

ပျားများသည်   နေကြာပန်းတစ်ပွင့်ပေါ်တွင်သွားလာရင်း  ပန်းဝတ်ရည်များစုပ်ယူနေစဉ် သူ၏ ကိုယ်ခန္ဓာပေါ်တွင် နေကြာပန်း၏အဖိုဝတ်မှုန်များသည် ကပ်ပါသွားကြသည်။ ပျားများသည် သွားလာရင်း ပန်းဝတ်ရည်များစုပ်ယူနေစဉ် ထိုအဖိုဝတ်မှုန်များသည် အခြားနေကြာပန်းတစ်ပွင့်ပေါ်သို့ ကျကျန်ရစ်ခဲ့သည်။ ထိုအခါ အခြားနေကြာပန်းတစ်ပွင့်မှ အဖိုဝတ်မှုန်များသည် အခြားနေကြာပန်းတစ်ပွင့်ရှိအမဝတ်မှုန်ခံတိုင်ပေါ်သို့ကျရောက်ခြင်းဖြင့် ပင်ခြားဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။

ယနေ့ကာလတွင် သဘာဝအတိုင်း ဝတ်မှုန်ကူးပေးသောအင်းဆက်များရှားပါးလာခြင်းနှင့် ပျားမွေးမြူရေးခက်ခဲသောနေရာများတွင် နေကြာပန်းပွင့်များ ပင်ခြားဝတ်မှုန်ကူးခြင်းကိုသေချာစေရန် လူလုပ်အားကိုအသုံးပြုကာ လက်ဖြင့်ဝတ်မှုန်ကူးခြင်းကိုဆောင်ရွက်လာကြသည်။ လက်ဖြင့်ဝတ်မှုန်ကူးပေးခြင်းသည်ဝတ်မှုန်ကူးမှုကို ပျားများကဲ့သို့ ကူညီပေးနိုင်သောကြောင့်  အစေ့အဆန်တည်ခြင်းနှင့်အစေ့အောင်ခြင်းများပြားပြီး အထွက်နှုန်းတိုးသကဲ့သို့ ဆီပါဝင်မှုလည်းများသည်။

လက်ဖြင့်ဝတ်မှုန်ကူးခြင်း

လက်ဖြင့်ဝတ်မှုန်ကူးခြင်းသည် ရိုးရှင်းသော်လည်း အနုစိတ်ရသောလုပ်ငန်းဖြစ်ပြီး   အထူးဂရုစိုက်ဆောင်ရွက်ရသည်။ ပထမဦးစွာ နေကြာပန်းပွင့်၏သဘောတရားကိုနားလည်ရန်လိုအပ်သည်။ နေကြာပန်းပွင့်ဟုခေါ်ကြသောပန်းပွင့်သည် အမှန်တကယ်မှာ ပန်းပွင့်မဟုတ်ဘဲ အထဲတွင် ပန်းပွင့်ပေါင်းများစွာပါဝင်သော ပန်းပွင့်အစုအဝေးတစ်ခုသာဖြစ်သည်။ နေကြာသည် စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် ပန်းစတင်ပွင့်သည်။ ပန်းပွင့်ကလေးများသည် ခြောက်ရက်မှ ၁၀ ရက်ကြာ ပန်းပွင့်ကြသည်။ ပန်းပွင့်နေချိန်ကာလအတွင်းမှာ ဝတ်မှုန်ကူးမှုသည်ဖြစ်ပေါ်သည်။ အမဝတ်မှုန်ခံတိုင်သည် ၁၄ ရက်ကြာသည်အထိ အဖိုဝတ်မှုန်များကိုလက်ခံနိုင်သော်လည်း တစ်ရက်ထက်တစ်ရက် လက်ခံနိုင်မှုစွမ်းရည်မှာကျဆင်းလာသည်။အမဝတ်မှုန်ခံတိုင်မှ အဖိုဝတ်မှုန်များကို လက်ခံနိုင်မှုစွမ်းရည်မြင့်မားသည့်အချိန်တွင် ဝတ်မှုန်ကူးမှုဖြစ်ပေါ်အောင် ဆောင်ရွက်ပေးသင့်သည်။

ဝတ်မှုန်ကူးခြင်းဆိုသည်မှာ  အဖိုဝတ်မှုန်များကို  အမဝတ်မှုန်ခံတိုင်ပေါ်သို့ကျရောက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် နေကြာပန်းတစ်ပွင့်မှ အဖိုဝတ်မှုန်များကို အခြားနေကြာပန်းတစ်ပွင့်၏ အမဝတ်မှုန်ခံတိုင်ပေါ်သို့ကျရောက်အောင် လက်ဖြင့် ကူညီပေးကာ ပင်ခြားဝတ်မှုန်ကူးမှု အောင်မြင်အောင် ဆောင်ရွက်ပေးရသည်။ ဤနည်းကို လက်ဖြင့်ဝတ်မှုန်ကူးခြင်းဟုခေါ်သည်။

လက်ဖြင့်ဝတ်မှုန်ကူးခြင်း နည်းလမ်းများ

၁။ လက်ဝါးဖြင့် ပွတ်ပေးခြင်း

ပထမဦးစွာ ပန်းပွင့်တစ်ပွင့်ကို လက်ဝါးဖြင့် အသာအယာပွတ်ပေးပါ။ လက်တွင် အဖိုဝတ်မှုန်များ ကပ်ပါလာမည်။ ထို့နောက် အခြားပန်းတစ်ပွင့်ပေါ်သို့ ပွတ်ပေးပါ။ အဖိုဝတ်မှုန်များသည်  အခြားပန်းပွင့်ပေါ်သို့ ကူးသွားပါမည်။

ဤနည်းသည် အဖိုဝတ်မှုန်များကို တစ်ပွင့်တည်းရှိ အမဝတ်မှုန်ခံတိုင်ပေါ်သို့    ကျရောက်စေသကဲ့သို့အခြားပန်းပွင့်၏အမဝတ်မှုန်ခံတိုင်ပေါ်သို့လည်း ကျရောက်စေသည်။ ထို့ကြောင့် ဝတ်မှုန်ကူးမှုကို အောင်မြင်စေပြီး အစေ့အဆန်တည်မှုကို မြှင့်တင်ပေးသည်။ သို့သော် ဤနည်းသည် ပန်းပွင့်အတွင်းရှိအမဝတ်မှုန်ခံတိုင်ကို ထိခိုက်စေနိုင်သည်။ လက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းပွတ်မိလျှင် နေကြာပွင့်ထဲတွင်ရှိသော ပန်းပွင့်ကလေးများ၏အဖိုအင်္ဂါနှင့်အမအင်္ဂါများကို ထိခိုက်တတ်သည်။

 ၂။ ပန်းပွင့်အချင်းချင်း ပွတ်ပေးခြင်း

ပန်းပွင့်အချင်းချင်းကိုမျက်နှာချင်းအပ်ပြီး  ပွတ်ပေးခြင်းဖြင့်လည်း ဝတ်မှုန်ကူးပေးနိုင်သည်။ သို့သော်လည်း အနီးနားက ပန်းပွင့်များအချင်းချင်း ပွတ်လျှင်တော့ မထိရောက်နိုင်ပါ။

 ၃။ အဝတ်စဖြင့် ပွတ်ပေးခြင်း

ပျော့ပျောင်းသောအဝတ်စနုနုဖြင့် နေကြာပန်းပွင့်၏မျက်နှာပြင်ကိုပွတ်ပေးခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ အဝတ်စအပြင် နေကြာရွက်ဖြင့်လည်း ပွတ်ပေးနိုင်သည်။ စိုက်ကွင်းထဲတွင် ပန်းစတင်ပွင့်ချိန်တွင်ဆောင်ရွက်နိုင်ပြီး ဝတ်မှုန်ကူးချိန်ကာလအတွင်း တစ်ရက်ခြားမပြတ် ပြုလုပ်ပေးသင့်သည်။ ပွတ်ရာတွင် ပန်းပွင့်၏အစွန်းများမှစတင်ပြီး အတွင်းဘက်အလယ်သို့ ရွှေ့သွားရင်း ပွတ်ပေးရမည်။ ပွတ်ပေးခြင်းကို ခုနစ်ရက်မှ ၁၀ ရက်အတွင်းတွင် ပန်းပွင့်အားလုံးပြည့်စုံအောင်ဆောင်ရွက်ပေးရမည်။

၄။ ပန်းပွင့်ကို တုန်ခါပေးခြင်း

နေကြာပန်းပွင့်ကို လက်ဖြင့်အပွင့်အောက်ခြေရိုးတံကနေကိုင်ပြီး တုန်ခါပေးခြင်းအားဖြင့် အဖိုဝတ်မှုန်များကိုလွင့်စေပြီး တစ်ပွင့်တည်းတွင်ရှိသောပန်းပွင့်၏အမအင်္ဂါပေါ်သို့ကျရောက်စေသည်။ ဤနည်းအားဖြင့် ဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။

 ၅။ အဖိုဝတ်မှုန်များကိုစုဆောင်း၍ ဖြန့်ဖြူးပေးခြင်း

ပန်းပွင့်၏အဖိုအင်္ဂါမှ အဝါရောင်အဖိုဝတ်မှုန်များကိုသေးငယ်၍ ပျော့ပျောင်းသော ဘရပ် (သို့) ဝါဂွမ်းဖတ် (သို့) အဝတ်စတစ်ခုခုဖြင့် စုဆောင်းပါ။ ထိုအဖိုဝတ်မှုန်များကို အခြားပန်းပွင့်၏အမ  အင်္ဂါပေါ်သို့ညင်သာစွာဖြန့်ဖြူးပေးပါ။  ထိုသို့ဖြန့်ဖြူးရာတွင်နေကြာပန်းပွင့်၏အပြင်ပိုင်းပန်းပွင့်ကလေးများမှစတင်၍ အတွင်းသို့သွားပါ။ ဤနည်းသည် ပျားများပြုလုပ်သည့်နည်းလမ်းအတိုင်း ပြုလုပ်ပေးခြင်းဖြစ်ပြီး ပင်ခြားဝတ်မှုန်ကူးခြင်းကို ဖြစ်ပေါ်စေသည်။

လက်ဖြင့်ဝတ်မှုန်ကူးပေးခြင်းသည်   အလွန်စိတ်ရှည်ရပြီး အချိန်ကိုက် တစ်ညီတည်းဆောင်ရွက်နိုင်လျှင် အောင်မြင်သောရလဒ်များကိုရရှိနိုင်သည်။လေ့လာတွေ့ရှိချက်များအရ ပန်းပွင့်ချိန်တွင် နံနက်၁၀ နာရီမှမွန်းတည့် ၁၂ နာရီအတွင်း လက်ဖြင့်ဝတ်မှုန်ကူးခြင်းကို တစ်ရက်ခြား   ငါးကြိမ်မှခြောက်ကြိမ်အထိ ပြုလုပ်ပေးခြင်းသည် အထွက်နှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေသည်။တစ်ဧကအတွက် လုပ်သားခြောက်ယောက်လိုအပ်သည်။ ကုန်ကျစရိတ်များသည်ဟု ထင်ရသော်လည်းအလွန်ထိရောက်၍ အထွက်နှုန်းတိုးသည်။ ဤနည်းကိုအသုံးပြုလျှင် ပျားများဖြင့် ဝတ်မှုန်ကူးခြင်းသည် မလိုအပ်တော့ပါ။

အထူးသတိပြုရန်မှာ နေကြာမျိုးအများစုသည် ပင်တည်းဝတ်မှုန်ကူးခြင်းဖြင့် သန္ဓေအောင်မြင်မှုသည်အားနည်းသည်။ နေကြာမျိုးကိုလိုက်၍ ပင်တည်းဝတ်မှုန်ကူးပြီး  သန္ဓေအောင်မြင်မှုအဆင့်သည်ကွာခြားသည်။ ပင်တည်းဝတ်မှုန်ကူးခြင်းမှအစေ့တည်မှုသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလောက်သာရရှိပြီး ပင်ခြားဝတ်မှုန်ကူးခြင်းမှ အစေ့တည်မှုသည် ၉၀ ရာခိုင်နှုန်းအထိရရှိနိုင်သည်။

စပ်မျိုးများသည် ပင်တည်းဝတ်မှုန်ကူးမှုဖြစ်နိုင်ခြေမြင့်မားသော်လည်း ပျားများဖြင့် ပင်ခြားဝတ်မှုန်ကူးနိုင်လျှင် အကျိုးကျေးဇူးများရရှိနိုင်သည်။ ပျားများဖြင့် ဝတ်မှုန်ကူးသော စပ်မျိုးများသည် အထွက်နှုန်း၄၈ ဒသမ ၈ ရာခိုင်နှုန်းတိုးစေပြီး ဆီပါဝင်မှုရာခိုင်နှုန်း၆ ဒသမ ၄ ရာခိုင်နှုန်းတိုးစေကြောင်း သိပ္ပံစာစောင်များတွင် ဖတ်ရသည်။ ပင်တည်းဝတ်မှုန်ကူးပြီးသန္ဓေအောင်နိုင်သော်လည်း အစေ့တည်မှုနည်းခြင်းနှင့်အစေ့အရွယ်အစားသေးခြင်းတို့ကြောင့် ဆီပါဝင်မှုနှင့်မျိုးစေ့အညှောင့်ပေါက်နှုန်းတို့လျော့နည်းသည်။

၁၉၇၆ ခုနှစ်တွင် McGregor သည် ပင်တည်းဝတ်မှုန်ကူးခြင်းမှရသောမျိုးစေ့သည် ပင်ခြားဝတ်မှုန်ကူးခြင်းမှရသောမျိုးစေ့ထက် အညှောင့်ပေါက်မှု ပိုမိုနှေးကွေးပြီး အထွက်နှုန်းနည်းကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့်  နေကြာတွင်  ပင်ခြားဝတ်မှုန်ကူးရန်ပျားများ၏အကူအညီကိုမရယူနိုင်ပါက လက်ဖြင့်ဆောင်ရွက်ပေးနိုင်လျှင် လက်ရှိစိုက်ခင်း၏အထွက်နှုန်း ပိုမိုကောင်းမွန်နိုင်သကဲ့သို့ ထိုစိုက်ခင်းမှထွက်သောမျိုးစေ့သည်လည်း အရည်အသွေးကောင်းနိုင်သည်။

နေကြာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာရေးသည်  နိုင်ငံတော်မှရည်မှန်းထားသည့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အရေးကြီးသောလုပ်ငန်းဖြစ်သည်။ နေကြာစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းတင်း ၅၀ ရရှိရေးသည် တောင်သူဦးကြီးများ၏ဝင်ငွေတိုးစေရန်နှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန်  အလွန်အရေးကြီးသည်။ထို့ကြောင့် တောင်သူဦးကြီးများအနေဖြင့် မိမိလည်း ဝင်ငွေတိုးစေ၊ ပြည်တွင်းစားသုံးဆီဖူလုံရေး ရည်မှန်းချက်လည်း ပြည့်စေရန်နေကြာသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားရာတွင် ပန်းပွင့်ချိန်မှာ ဝတ်မှုန်ကူးပေးခြင်းကို လက်ဖြင့်ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories