တရုတ်နိုင်ငံက အမေရိကန်အပေါ် တုံ့ပြန်မှု ပြင်းထန်လာခြင်း
Posted_Date
Image

Body
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် “မျက်နှာနှစ်ဖက်” မူဝါဒ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအပေါ် ပိုမိုပိတ်ဆို့မှု များပြားလာပါက တုံ့ပြန်တိုက်ခိုက် သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဖေဖော်ဝါရီ ၇ ရက် သောကြာနေ့တွင် ပြုလုပ်သော ပါလီမန်ဆိုင်ရာအစည်းအဝေး (Annual Parliamentary Meeting)တွင် ကြေညာလိုက်ပါသည်။ ထိုအခြေအနေမှာ လက်ရှိကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အတောင့်တင်းဆုံး နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေသည်ကို သက်သေပြလျက်ရှိပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ယူချိန်မှစ၍ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းအားလုံးအတွက် အခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ နှစ်ဆတိုးမြှင့်လိုက်ပါသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါ စသည့် နိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ်တွင်လည်း ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ပါသည်။ ထိုသို့ပြုမူလုပ်ဆောင်ရခြင်းမှာ အမေရိကန်၏အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည်ဟု ဒေါ်နယ်ထရမ့် အစိုးရက အကြောင်းပြ၍ ကြွေးကြော်ထားပါသည်။ တစ်ဖက်ကလည်း အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးမှာ မျှတမှုမရှိခြင်း၊ တရားမဝင် ရွေ့ပြောင်းသွားလာနေမှုနှင့် မူးယစ်ဆေးဝါးပြဿနာတို့ကို ဖြေရှင်းကိုင်တွယ်ရန်ဟု ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က တုံ့ပြန်ထားပါသည်။
တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ပါလီမန်ဆိုင်ရာအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အမေရိကန်ဘက်က ချမှတ်လိုက်သည့် အခွန်တိုးမြှင့်သတ်မှတ်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန် ရှုတ်ချ လိုက်ပါသည်။ တစ်ဖက်သတ် အတင်းအဓမ္မ ဖိအားပေးခြင်းကို တရုတ်နိုင်ငံအနေဖြင့် လုံးဝလက်ခံမည် မဟုတ်ဟု ဝမ်ယိက သတိပေး ပြောကြားလိုက်ပါသည်။ တရုတ်နိုင်ငံအပေါ် ဖိအားပေး လုပ်ဆောင်နေပြီးအခြားတစ်ဖက်တွင် မိတ်ဖက်တည်ဆောက်နေမှု ကောင်းမွန်မှု ရှိလာမည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားလိုက်ပါသည်။
ယခုအခါ အမေရိကန်ဘက်က ထိုသို့အခွန်စည်းကြပ်လိုက်မှုအပေါ် တရုတ်အစိုးရဘက်ကလည်း ထိရောက်ပြီး သက်ရောက်မှုရှိစေမည့် လုပ်ဆောင်မှုများကို တန်ပြန်ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။ ၎င်းတို့တွင် အမေရိကန်က တရုတ်နိုင်ငံသို့ တင်သွင်းလာသည့် လယ်ယာထွက်ကုန်များနှင့် စွမ်းအင် ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါသည်။ ထို့ပြင် အမေရိကန် ကုမ္ပဏီ ၂၅ ခုကိုလည်း တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခွင့် ပိတ်ဆို့လိုက်ပြီဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ( World Trade Organization ) တွင် အမေရိကန်၏ ကုန်သွယ်ရေး အခွန် တိုးမြှင့်ခြင်းအပေါ် တရုတ်အစိုးရက တရားလိုအဖြစ် လုပ်ဆောင်လျက်ရှိပါသည်။ အမေရိကန်သည် ချမှတ် ထားသော ကုန်သွယ်ရေးဆိုင်ရာ အခွန်များကို နိုင်ငံတကာ ကုန်သွယ်ရေးစည်းမျဉ်းများ( International Trade Rules )များ ချိုးဖောက်နေကြောင်း စွပ်စွဲပြောကြားထားပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်အစိုးရသည် အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အကူအညီများ ပံ့ပိုးပေးခဲ့သော်လည်း အမေရိကန်ဘက်က တရုတ်နိုင်ငံအပေါ် ယခုကဲ့သို့ လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုက်ပါသည်။ အမေရိကန် အစိုးရ၏ တရုတ်က တရားမဝင် fentayl ထုတ်လုပ်မှုများတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို ဖြန့်ဖြူးပေးနေ သည်ဟု စွပ်စွဲထားပါသည်။
အမေရိကန်အစိုးရသည် တရုတ်နည်းပညာကုမ္ပဏီများအပေါ် ပိတ်ဆို့မှု ပြုလုပ်နေခြင်းသည်လည်း အဆိုပါ တားဆီးပိတ်ဆို့မှုများက တရုတ်နိုင်ငံအတွက် တီထွင်မှုအသစ်များကို ဖြစ်ပေါ်စေလာကြောင်း မစ္စတာ ဝမ်ယိက ပြောကြားထားပါသည်။ အမေရိကန်အစိုးရ၏ အမြဲတစေ ခြိမ်းခြောက်နေမှုများနှင့် နည်းပညာ ဆိုင်ရာပိတ်ဆို့မှုများ အပါအဝင် စီးပွားရေးအရ ဖိနှိပ်မှုများက တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုကို ပိုမို မြှင့်တင်ပေးနေသလို ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး တင်းမာမှု အခြေအနေကို လေ့လာကြည့်ပါက ဒေါ်နယ်ထရမ့် ပထမသမ္မတ ကာလက ၎င်းသည် တရုတ် ကုန်ပစ္စည်း များအပေါ် အခွန်များ ချမှတ်ပြီးနောက်ပိုင်းတွင် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။ ထိုအခါက ဒေါ်နယ်ထရမ့်၏ ယုံကြည်ချက်မှာ တရုတ်သည် တရားမျှတမှုမရှိသော ကုန်သွယ်ရေး နည်းစနစ်များကို ပြုလုပ်လေ့ရှိပြီး မူပိုင်ခွင့်များ ခိုးယူနေသည်ဟု ထင်မြင်ယူဆနေခြင်းဖြစ်ပါသည်။ လက်ရှိအခါ တရုတ် အစိုးရကလည်း အမေရိကန်၏ လုပ်ဆောင်မှုများကို တုံ့ပြန်ခဲ့ရာ ထိုအခွန်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်များနှင့် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုများစွာ ထိခိုက်ခဲ့ပါသည်။
အချုပ်ဆိုရပါသော် အမေရိကန်နှင့် တရုတ်ကုန်သွယ်မှု တင်းမာလာမှုအခြေအနေမှာ အဆိုပါ နှစ်နိုင်ငံအနက် တစ်နိုင်ငံက အကျိုးရှိမည့် ရလဒ်မျိုးမဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးနှင့် သက်ဆိုင်နေသူအားလုံးကို ထိခိုက် စေလာနိုင်ကြောင်း သုံးသပ်ရပါသည်။
မှီငြမ်း- China accuses US of ‘two faced’ polices/ RT (7/2/2025)