အမေရိကန်၏ မျက်ကွယ်တွင် တရုတ်က နိုင်ငံတကာပင်လယ်ပြင်၌ လက်ဦးမှု ရရှိလာခြင်း

Posted_Date

Image

အမေရိကန်၏ မျက်ကွယ်တွင် တရုတ်က နိုင်ငံတကာပင်လယ်ပြင်၌ လက်ဦးမှု ရရှိလာခြင်း

Body

ကုန်စည်သင်္ဘောများနှင့် စစ်သင်္ဘောများ အမြဲတမ်း ချောမွေ့စွာ သွားလာနိုင်မည်ဟု ယူဆကာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်လမ်းကြောင်းလုံခြုံရေးကို အမေရိကန်က ဆယ်စုနှစ်များစွာ အလေးမမူခဲ့ပေ။ သို့သော် အမေရိကန်က ငြိမ်သက်နေချိန်တွင် တရုတ်သည် ၎င်း၏ရေကြောင်း စိုးမိုးမှုကို နည်းလမ်းတကျချဲ့ထွင်ကာ ၎င်း၏ကိုယ်ပိုင်ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်ခြင်းဖြင့် အမေရိကန်၏ ထောက်ပံ့ရေးကွင်းဆက်များကို အလိုအလျောက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ပိုလန်နိုင်ငံရှိ စစ်ရေးဆိုင်ရာသင်္ဘောအချိန်းအပြောင်းတွင် တရုတ်က ဝင်ရောက်စွက်ဖက်ခြင်းသည် သတိပေးခေါင်းလောင်းထိုးလိုက်ခြင်းဖြစ်ပြီး ၎င်းသည် စိတ်ကူးယဉ်ခြိမ်းခြောက်မှုသက်သက် မဟုတ်ကြောင်း ပေါ်လွင်ပေသည်။ ကမ္ဘာလုံးဆိုင်ရာဆိပ်ကမ်းများနှင့် သင်္ဘောကုန်စည်ပို့ဆောင်ရေး တို့အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုသည် ပထဝီနိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ရလျှင် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် စစ်တပ်၏ စည်းရုံးရေးစွမ်းရည်တို့ကို အလှည့်အပြောင်းဖြစ်စေ နိုင်သည့် တုန်လှုပ်ဖွယ်အဖြစ်မှန်ပင်ဖြစ်သည်။

ရေကြောင်းဆိုင်ရာ အားနည်းချက်များ

             အမေရိကန်သည် သမိုင်းတွင် တစ်ခုတည်းသော ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ် ထင်ရှား သော်လည်း ရေကြောင်းကုန်သွယ်ရေးနှင့်ပတ်သက်လာလျှင် ဩချရလောက်အောင် အားနည်းသည့် အနေအထားဖြင့် ရောင့်ရဲနေပုံရသည်။ တရုတ်နိုင်ငံသည် ပင်လယ်ကူးကုန်သင်္ဘော ၅၅၀၀ ကျော် ပိုင်ဆိုင်ထားပြီး အမေရိကန်က အစီး ၈၀ မျှသာ ထိန်းချုပ်ထားနိုင်သည်။ တရုတ်နိုင်ငံ၏ သင်္ဘော တည်ဆောက်မှုစွမ်းရည်သည် အမေရိကန်နိုင်ငံထက် အဆပေါင်း ၂၃၂ ဆ သာလွန်နေပြီး တရုတ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဆိပ်ကမ်းပေါင်း ၁၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားသော်လည်းအမေရိကန်တွင် မဟာဗျူဟာမြောက်ပိုင်ဆိုင်မှု အနည်းငယ်မျှသာရှိသည်။ အမေရိကန်နိုင်ငံ အတွင်း၌ပင် ဆိပ်ကမ်းအများစုကို နိုင်ငံခြားအဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ အနှစ်ချုပ် အားဖြင့် အမေရိကန်သည် ၎င်း၏ထောက်ပံ့ရေးကွင်းဆက်များ ဆက်လက်လည်ပတ်နေစေရန် အတွက် မိတ်ဖက်များနှင့် နိုင်ငံခြားအော်ပရေတာများ၏ ရှုပ်ထွေးပွေလီသောကွန်ရက်ပေါ်တွင် မှီခို နေရသည်။

             တရုတ်နိုင်ငံ၏ ရေကြောင်းချဲ့ထွင်မှုသည် သမားရိုးကျသင်္ဘောလမ်းကြောင်းများနှင့်ပင် ရပ်တန့်မနေပေ။ သူ့ကိုယ်သူ “အာတိတ်အနီးပတ်ဝန်းကျင်နိုင်ငံ” ဟု တံဆိပ်တပ်ခြင်းဖြင့် ပေကျင်းသည် မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်းတွင် ရေခဲခွဲသင်္ဘောများ ဖြန့်ကျက်ချထား၍ ရုရှားနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ကာ အာတိတ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် သဘာဝ အရင်းအမြစ်များကိုအသုံးချရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံသည် အနောက်နိုင်ငံ များမှ ထိန်းချုပ်ထားသော သမရိုးကျသင်္ဘောလိုင်းများကို ကျော်ဖြတ်ရန် အခြားလမ်းကြောင်း များကို လုံခြုံအောင်ပြုလုပ်နေပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအပေါ်တွင် ၎င်း၏သြဇာလွှမ်းမိုးမှု တိုးမြှင့်ရန် တပြိုင်နက်တည်းလုပ်ဆောင်နေသည်ကို ရှင်းလင်းစွာ တွေ့နိုင်ပါသည်။

             ကူးသန်းရောင်းဝယ်ရေးကို လွှမ်းမိုးမှုအပြင် ရေကြောင်းပို့ဆောင်ရေးအပေါ် တရုတ်၏ ထိန်းချုပ်မှုသည် စစ်ရေးအကျိုးဆက်များကိုပါ ဆက်လက်ရရှိစေမည်ဖြစ်သည်။ ကြီးမားသော ပြဿနာတစ်ခုမှာ အမေရိကန်စစ်တပ်သည် ၎င်း၏ကုန်ပစ္စည်းပို့ဆောင်ရေး၏ ၉၀ ရာခိုင်နှုန်းအထိ စီးပွားဖြစ်သင်္ဘောများပေါ်တွင် မှီခိုနေရသည်။ ထို့ကြောင့် အမေရိကန်သည် ၎င်း၏ကိုယ်ပိုင် ကုန်တင်သင်္ဘောမရှိပါက ပြည်ပအလံတင်သင်္ဘောများပေါ်တွင် မှီခိုနေရမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ အလွယ်တကူ အသုံးချနိုင်သည့် အားနည်းချက်တစ်ခုဖြစ်နေသည်။

တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာထိန်းချုပ်မှု

             တရုတ်နိုင်ငံသည် ကုန်ပစ္စည်းတင်ပို့မှုများအပေါ် အချိန်နှင့်တစ်ပြေးညီ ခြေရာခံပေးသည့် နိုင်ငံတော် ကျောထောက်နောက်ခံပြု LOGINK ဆော့ဖ်ဝဲမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ပို့ဆောင်မှုအပေါ် အရေးပါသောထိန်းချုပ်မှုကိုလည်း ဆောင်ရွက်ထားသည်။ ဤဆော့ဖ်ဝဲကို ဂျပန်၊ တောင်ကိုးရီးယားနှင့် ဥရောပတစ်ဝှမ်းရှိ အဓိကကုန်သွယ်ရေးဗဟိုချက်မများတွင် အသုံးပြု ထားပြီး ထောက်ပံ့ရေးကွင်းဆက်များနှင့် စီးပွားရေး သို့မဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ အငြင်းပွားမှု များတွင် လွှမ်းမိုးမှုရစေနိုင်သည့် အလားအလာတစ်ရပ်ဖြစ်သည်။ အမေရိကန်ကွန်ဂရက်အနေဖြင့် ပင်တဂွန်အား LOGINK အသုံးပြုထားသည့် ဆိပ်ကမ်းများအသုံးပြုခြင်းကို တားမြစ်ထားသော်လည်း ကုန်သွယ်မှုသည် ဆက်လက်ပုံပေါ်နေဆဲပင်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှု

             LOGINK မှ အချက်အလက်များသည် အမေရိကန်၏အားနည်းချက်များကို ရှာဖွေဖော်ထုတ် နိုင်စွမ်းရှိသကဲ့သို့ ဆိပ်ကမ်းများတွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုများသည် ထိုသို့သိမြင်ထားမှုအပေါ် အမြတ်ထုတ်ခွင့်ရရှိစေနိုင်သည်။ BRI ၏ တိုးချဲ့မှုတစ်ခုဖြစ်သည့် ရေကြောင်းပိုးလမ်းမကြီးသည် ပေကျင်းအား ကမ္ဘာတစ်ဝှမ်းရှိ အရေးပါသောဆိပ်ကမ်းများကို လည်ပတ်ထိန်းချုပ်နိုင်စေခဲ့သည်။ ဂရိနိုင်ငံရှိ Piraeus ဆိပ်ကမ်းနှင့် သီရိလင်္ကာနိုင်ငံရှိ Hambantota ဆိပ်ကမ်းကဲ့သို့သောနေရာ များတွင် တရုတ်သည် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကို ဗျူဟာမြောက်ခြေကုပ်စခန်း များအဖြစ် ပြောင်းလဲကာ အမေရိကန်နှင့်မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှုများအတွက် အရေး ပါသောဒေသများသို့ လက်လှမ်းမီနိုင်စေခဲ့သည်။

             ဤထိန်းချုပ်မှုအဆင့်သည် တရုတ်နိုင်ငံအား ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းချုပ်ရန်၊ စီးပွားရေးဖိအားများကို တွန်းလှန်ရန်နှင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအပါအဝင် ပြိုင်ဘက် နိုင်ငံများထက် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်ရန် ဖြစ်လာနိုင်ဖွယ်ရှိသည်။ ဥပမာအားဖြင့် ကမ္ဘာ့ဆိပ်ကမ်းအခြေခံအဆောက်အအုံတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးချုပ်ကိုင်မှုသည် နိုင်ငံတကာပင်လယ်ရေကြောင်းစည်းမျဉ်းများနှင့် စံနှုန်းများကို ပုံဖော်နိုင်စေပါသည်။ ဆိပ်ကမ်း များနှင့်ဆက်စပ်သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ထိန်းချုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် သင်္ဘောခ၊ ဆိပ်ကမ်းဝင်ရောက်ခွင့် စည်းမျဉ်းများနှင့် အကောက်ခွန်မူဝါဒများအတွက် စံနှုန်းသစ် များကို သတ်မှတ်နိုင်သည်။ ဤစီးပွားရေးသြဇာလွှမ်းမိုးမှုသည် ပေကျင်း၏မူဝါဒများနှင့် လိုက်လျော ညီထွေဖြစ်စေရန် နိုင်ငံငယ်များကို ဖိအားပေးနိုင်သည် သို့မဟုတ် ကုန်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ အကယ်၍ တင်းမာမှုများ ဆက်လက်တိုးပွားလာပါက တရုတ်သည် သင်္ဘော ပို့ဆောင်ခွင့်ကို နှောင့်ယှက်နိုင်ပြီး ထောက်ပံ့ပို့ဆောင်မှုကို နှေးကွေးစေနိုင်သည် သို့မဟုတ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သည်။ မကြာသေးမီက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (DoD) မှ COSCO Shipping Holdings ကို ပုဒ်မ 1260H အမျိုးသား လုံခြုံရေးဆိုင်ရာအန္တရာယ်ရှိစာရင်းတွင် ထည့်သွင်းရန်ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံ၏ ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေးကို ထိန်းချုပ်နိုင်မှု ကြီးထွားလာခြင်းအပေါ် စိုးရိမ်ပူပန်မှု ကြီးထွား လာကြောင်း ထင်ဟပ်စေပါသည်။

အကွဲကွဲ အပြားပြား တုံ့ပြန်မှုများ

             ခြိမ်းခြောက်မှုမှာ ပြင်းထန်နေသော်လည်း အမေရိကန်၏တုံ့ပြန်မှုသည် ပြဿနာ၏ ကိစ္စရပ်ပေါင်းများစွာကို သီးခြားစီဖြေရှင်းနေသည့် အေဂျင်စီပေါင်းများစွာဖြင့် အဆီအငေါ်မတည့် ရှိနေဆဲပင်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်တွင် ရေတပ်အခြေခံအဆောက် အအုံသစ်များ တည်ဆောက်နေစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန တို့သည် မဟာဗျူဟာကျသော အမေရိကန်ဆိပ်ကမ်းများ လုံခြုံစေရန်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးလုံခြုံမှုကို အဓိကထားလုပ်ဆောင်ရန်အတွက် ရေကြောင်းညွှန်ကြားမှုဦးစီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အမိမြေလုံခြုံရေးဝန်ကြီးဌာနနှင့် ကမ်းခြေစောင့်တပ် တို့သည် အမေရိကန်၏ဆိပ်ကမ်းအခြေခံအဆောက်အအုံများအပေါ် ပြည်ပထိန်းချုပ်မှုများ(အထူးသဖြင့် သတင်းထောက်လှမ်းစုဆောင်းနိုင်စွမ်းရှိသည်ဟု ယူဆရသော တရုတ်ပြည်ထုတ် ဝန်ချီစက်များ ရှိနေခြင်း) ကို စောင့်ကြည့်လျက်ရှိသည်။ တရုတ်ပိုင် COSCO ကုမ္ပဏီသည် Long Beach ကွန်တိန်နာဆိပ်ကမ်းရှိ ၎င်း၏ရှယ်ယာများကို ရောင်းထုတ်ရန်ကြိုးပမ်းခဲ့ခြင်းကြောင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာကော်မတီက အရေးယူ ခဲ့သည်။ ဖက်ဒရယ်ရေကြောင်းကော်မရှင်က မျှတမှုမရှိသောဆောင်ရွက်ချက်များကို စုံစမ်းစစ်ဆေး နေသည်။

             တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း တို့ကဲ့သို့အေဂျင်စီများသည် ပေကျင်း၏ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို တန်ပြန်ရန် ဘဏ္ဍာရေး စွမ်းအားမရှိသော်ငြား တရုတ်နိုင်ငံ၏ပြည်ပဆိပ်ကမ်းရင်းနှီးမြုပ်နှံမှုများတွင် စဉ်းစားစရာများ ဖြစ်စေရန် လုပ်ဆောင်နေကြသည်။ အမျိုးသားလုံခြုံရေးကောင်စီသည် ပင်လယ်ရေကြောင်း အန္တရာယ်ကိုအလေးထားသည့် အခန်းကဏ္ဍသစ်တစ်ရပ်ကို ထူထောင်ထားသော်လည်း အခြေ တည်ရန် ကြိုးစားနေရဆဲဖြစ်ပြီး အခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ကြီးကြပ်မည့် အာဏာပိုင်များလည်း မရှိသေးပေ။

လုပ်ဆောင်ရန် လိုအပ်သည့်အချက်များ

             အမေရိကန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် အနည်းငယ်မျှသာဖြစ်ပြီး ညှိနှိုင်း ဆောင်ရွက်မှုလည်းမရှိပါ။ ကမ္ဘာ့အချက်အချာကျသောနေရာများတွင် တရုတ်နိုင်ငံက ထောက်ပံ့ ပို့ဆောင်ရေးကို ဆက်လက်လွှမ်းမိုးနေပါက အမေရိကန်ဆိပ်ကမ်းများကို တရုတ်ကသုံးစွဲမှုအား ပိတ်ဆို့ခြင်းမှာ အနည်းငယ်မျှသာ ထိရောက်မည်ဖြစ်သည်။ ပင်လယ်ရေကြောင်း ကူးသန်း ရောင်းဝယ်ရေးတွင် ဦးဆောင်မှုပြန်လည်ရရှိရန် အမေရိကန်သည် ပိုမိုဗျူဟာမြောက် တက်ကြွသော ချဉ်းကပ်မှုတစ်ရပ်ကို ကျင့်သုံးရမည်ဖြစ်သည်။

             ပထမဦးစွာ အစိုးရအနေဖြင့် မည်သည့်ကမ္ဘာ့ဆိပ်ကမ်းများသည် အမေရိကန်၏စီးပွားရေးနှင့် စစ်ရေးအကျိုးစီးပွားအတွက် အရေးကြီးကြောင်း ခွဲခြားသတ်မှတ်ပြီး ၎င်းတို့သည် ကြားနေနိုင်ငံ သို့မဟုတ် အမေရိကန်၏ မဟာမိတ်နိုင်ငံတို့၏ လက်ဝယ်တွင်ရှိကြောင်း သေချာစေရန် ဆောင်ရွက် ရမည်ဖြစ်သည်။ တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို လက်မခံရန် အခြားနိုင်ငံများကို သတိပေးရုံမျှဖြင့် မလုံလောက်နိုင်ပေ။ မဟာဗျူဟာကျသော အခြေခံအဆောက်အအုံများ လုံခြုံမှုရှိစေရန်အတွက် အမေရိကန်သည် ပုဂ္ဂလိကစက်မှုလုပ်ငန်းနှင့် မဟာမိတ်အစိုးရများနှင့် ပူးပေါင်းကာ အပြိုင်အဆိုင် ရွေးချယ်စရာများကို ပံ့ပိုးပေးရမည်ဖြစ်သည်။ မကြာသေးမီက BlackRock ဦးဆောင်သော ရင်းနှီး မြုပ်နှံမှုအစုအဖွဲ့တစ်ခုသည် ပနားမားရှိ အဓိကဆိပ်ကမ်းနှစ်ခုကို ဝယ်ယူခဲ့ပြီး ယခုအခါ ယခင် ဟောင်ကောင်မှပိုင်ရှင်ဟောင်းအစား ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုမှ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ယင်းလုပ်ရပ်မျိုးသည် သမ္မတ၏အာရုံစိုက်မှုရရှိရန် ဆောင်ရွက်ချက်သက်သက်မျှသာမဟုတ်ဘဲ တစ်ကမ္ဘာလုံးတွင် စုစည်းလုပ်ဆောင်နေသည့် ကြိုးပမ်းမှုမျိုးဖြစ်ရပါမည်။

             ဒုတိယအချက်မှာ အမေရိကန်သည်ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် တရုတ်၏ ဒီဂျစ်တယ်နည်းပညာလွှမ်းမိုးမှုကို တန်ပြန်ရမည်ဖြစ်သည်။ LOGINK နှင့် အလားတူ တရုတ် ကျောထောက်နောက်ခံပြု နည်းပညာများသည် ပေကျင်းအား ကုန်သွယ်မှုအချက်အလက်များနှင့် ပို့ဆောင်မှုပုံစံများကို မကြုံစဖူးအခွင့်အရေးများ ရရှိစေသည်။ ပိုမိုအားကောင်းသော ဆိုက်ဘာ လုံခြုံရေးအစီအမံများ လိုအပ်သော်လည်း မလုံလောက်ပါ။ တရုတ်၏ အချက်အလက်စုဆောင်း ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးဆင်းမှုအလားအလာများကို ခြယ်လှယ်ခြင်းမှ ကာကွယ်ရန် ဝါရှင်တန်အနေဖြင့် အစားထိုးထောက်ပံ့ပို့ဆောင်ရေးပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနိုင်မှုတို့အတွက် ပံ့ပိုးပေးရမည်ဖြစ်သည်။

             တတိယအချက်မှာ အမေရိကန်သည် ၎င်း၏ကိုယ်ပိုင်ရေကြောင်းဆိုင်ရာ စွမ်းဆောင်မှု များတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မဟာမိတ်နိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့်ရန် လိုအပ်သည်။ ပြည်တွင်း၌ မည်ကဲ့သို့ ရင်းနှီးမြုပ်နှံမှုအမျိုးအစားများ ဆောင်ရွက်သင့်သည်၊ မဟာမိတ်များနှင့် မည်ကဲ့သို့ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည် စသဖြင့် ဆန်းစစ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ဗျာများနေရသည့်အချိန်များတွင် လိုအပ်သော သင်္ဘောနှင့် သင်္ဘော တည်ဆောက်ရေးစွမ်းရည်ရှိရမည်ဖြစ်သည်။ ကနေဒါနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့နှင့် မကြာသေးမီက ICE Pact ပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သော အစပျိုးမှုတစ်ရပ်ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလိုအပ်မည်ဖြစ်ပေသည်။

             စတုတ္ထအချက်မှာ ဌာနဆိုင်ရာများနှင့် အေဂျင်စီများအားလုံး၏ အမျိုးမျိုးကွဲပြားနေသော ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ကြောင်းသေချာစေရန် ပေါင်းစည်းရေကြောင်းလုံခြုံရေးမဟာဗျူဟာကို ဖော်ဆောင် သင့်ပေသည်။

             တောင်တရုတ်ပင်လယ်၊ ပင်လယ်နီနှင့် ပနားမားတူးမြောင်း ကဲ့သို့သော ရေလမ်းကျဉ်း နေရာများတွင် တင်းမာမှုများ မြင့်တက်နေချိန်၌ ရေကြောင်းအခြေခံအဆောက်အအုံဆိုင်ရာအားနည်းချက်များသည် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ် စေနိုင်သည်။ အမေရိကန်အနေဖြင့် ပြုသမျှနုနေ၍ မရတော့ပါ။ အကွဲကွဲ အပြားပြားနှင့် ဟိုတစ်စု ဒီတစ်ခု တုံ့ပြန်မှုများသည် တရုတ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ သြဇာချဲ့ထွင်မှုကို တန်ပြန်ရန် လုံလောက်မည် မဟုတ်ပေ။

             အရေးပါသော ထောက်ပံ့ရေးကွင်းဆက်များနှင့် စစ်ရေးအသင့်ဖြစ်မှုတို့အပေါ် မူတည် နေသည့် ကမ္ဘာ့ပင်လယ်ရေလမ်းကြောင်းများ လုံခြုံစေရန်အတွက် အမေရိကန်သည် ပြည်တွင်း မူဝါဒများကို ညှိနှိုင်းခြင်း၊ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ခိုင်မာစွာဆောင်ရွက်ခြင်းတို့ဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်ပြီး ကောင်းမွန်သော ညှိနှိုင်းဗျူဟာဖြင့်သာ ကမ္ဘာ့ကုန်သွယ်ရေးသည် ပေကျင်း၏ စွက်ဖက်မှုများကို ဆန့်ကျင်၍ လွတ်လပ်၊ ပွင့်လင်းပြီး ကြံ့ကြံ့ခံနိုင်ဆဲဖြစ်ကြောင်း အမေရိကန်က သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ပေသည်။

Source: https://www.wilsoncenter.org/article/americas-maritime-blind-spot-how-china-gaining-upper-hand-high-seas

(အမေရိကန်အခြေစိုက် Wilson Center ၏ Analysis ကဏ္ဍတွင် ‌ဆောင်းပါးရှင် Mark Kennedy နှင့် Christa Brzozowski တို့ ပြုစုရေးသားသည့် “America’s Maritime Blind Spot: How China is Gaining the Upper Hand on the High Seas” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

ဘာသာပြန်ဆိုသူ- ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂