ကဘော်ချိုင့်ဝှမ်းနှင့် မဏိပူရ ကွန်ဖက်ဒရေးရှင်း မြန်မာလက်နက်ကိုင်များကိုပေးသည့်သင်ခန်းစာ
Posted_Date
Image

Body
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအစိုးရက ပြန်လည် သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းပေးရန် မဏိပူရ်ပြည်နယ် လွှတ်တော်အမတ်က အိန္ဒိယ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာနယ်စပ် မြို့များမှာကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။လွန်ခဲ့ဆယ်နှစ်ခန့်မှာ ရုရှားက ယူကရိန်းခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းသွင်းခဲ့ခြင်းနည်းတူကဘော်ချိုင့်ဝှမ်းသည် အိန္ဒိယနှင့် မြန်မာအကြား တုတ်တပြက်၊ ဓားတပြက် ဖြစ်လာမည်လားဟု နှစ်နိုင်ငံပြည်သူများအတွင်း မှာသာမက နိုင်ငံတကာ မှာပါ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ရပါသည်။
မြန်မာ ချင်းတွင်းမြစ် နှင့် အိန္ဒိယ မဏိပူရပြည်နယ်အကြား ၈.၅၇၅ စတုရန်းမိုင်ကျယ်ဝန်းသော မြေပြန့် လွင်ပြင်ဒေသသည် ၁၄၅ဝ ပြည့်နှစ်ကတည်းက မဏိပူရ၏ နယ်မြေ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း မဏိပူရလွှတ်တော်အမတ်ကစွပ်စွဲပြောခဲ့ပါသည်။
၎င်းပြောသည့် အတိုင်း မှန်ကန်ပါသလားဟု လက်လှမ်းမီသမျှ ရှာဖွေကြည့်မိပါသည်။ ၁၄၇ဝ ပြည့်နှစ်မှာ မေထေး(ကသည်း) ဘုရင်နှင့် တိုင်(ရှမ်း) ဘုရင်တို့က “ကဘော်” ဟု ခေါ်သည့် အဆိုပါ နယ်မြေကို အတူတကွ အောင်နိုင်ခဲ့ကြောင်း မဏိပူရ် သမိုင်းမှတ်တမ်းများမှာ တွေ့ရှိရပါသည် ။ယနေ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် သောင်ထွဋ်မှ ယနေ့ ချင်းပြည်နယ် အစပ် ခန်းပတ်မြို့အထိ ဖြစ်ဖွယ် ရှိပါသည်။ ၎င်းတို့နှိမ်နင်းခဲ့သည် ဆိုသော “ကျန်း” ဆိုသည်မှာ ယနေ့ “ချင်း” လူမျိုးများဖြစ်ပြီး အိန္ဒိယဘက်မှာ “ကူကီး” ဟု ခေါ်ပါသည်။ မေထေး တို့သည် မြန်မာဘက်မှာ ကသည်းများအဖြစ် သိရှိကြပြီး ဇာတ်မြင့် ဟိန္ဒူ ပုဏ္ဍားများဖြစ်ကြပါသည်။
အိန္ဒိယနိုင်ငံ၏အဓိကလူမျိုးနွယ်ကြီး ၄-ခုမှာ လူမျိုးစုပေါင်း ၂၀၀၀ ခန့်ရှိပါသည်။ အဆိုပါလူမျိုးစု များသည် အရှေ့မြောက် ပြည်နယ် (၈) တွင် အများဆုံးနေထိုင်ကြပြီး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကွာခြားကြ ပါသည်။ ချင်း မျိုးနွယ်ကြီးတစ်ခုတည်းမှာပင် ချင်းလူမျိုးစု ၇၀ ခန့် ရှိပြီး ၄၀ ခန့်မှာ မြန်မာပြည်ဘက်ရောက်နေပါသည်။ အတိတ်ကာလ ကမ္ဘာအရပ်ရပ်မှာ ကျေးရွာ များကို စုပေါင်းပြီး မြို့ပြနိုင်ငံအဖြစ်ထူထောင်အုပ်ချုပ်သော ဘုရင့်နိုင်ငံငယ်များ ထွန်းကားခဲ့ပါ သည်။ ၁၅၅၅-ခုနှစ် တောင်ငူ မင်းဆက် ဘုရင့်နောင်လက်ထက် ယနေ့ခေတ် မြန်မာ ဖြစ်လာမည့် တစ်နိုင်ငံလုံးကို စုစည်းခဲ့ရာမှာ မဏိပူရနှင့် အာသံသည် မြန်မာဘုရင်လက်အောက်ခံ သက်ဆိုင်ရာ စော်ဘွားများ အုပ်ချုပ်သည့် နယ်မြေ ဖြစ်လာပါသည်။ ယနေ့ခေတ် မဏိပူရ်တို့ကို ကမ္ဘာသိဖြစ်စေမည့် “ပိုလိုကစားနည်း” အတွက် မြင်းစီးခြင်း အတတ်ပညာကို မြန်မာတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ သို့သော် မြန်မာတို့ အင်အား ချိနဲ့သည့် (၁၇၁၄-၁၇၅၄) ခုနှစ်၌ ကသည်းတို့သည် စစ်ကိုင်းနှင့် အင်းဝမြို့တော်အထိ လာရောက် တိုက်ခိုက်ခဲ့ဖူးပါသည်။
၁၇၅၂ ခုနှစ်၊ ကုန်းဘောင်မင်းဆက်အလောင်းဘုရားက တတိယမြန်မာနိုင်ငံတော်ကို ပြန်လည် စုစည်းစဉ် သောင်ထွဋ်-တမူး-ကလေးနှင့် ခန်းပတ်အပါအဝင် မဏိပူရနှင့် အာသံတို့လည်း ပါဝင်ခဲ့ပါ သည်။၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် အာသံ-မဏိပူရအရေးနှင့်ပတ်သက်ပြီး အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ပွားခဲ့ပါသည်။၂ နှစ်ခန့်အကြာမှာ မြန်မာတို့စစ်ရှုံးသည့်အတွက် စစ်လျော်ကြေး စတာလင်ပေါင် တစ်သန်းအပြင် ကမ်းရိုးတန်းဒေသ ရခိုင်နှင့် တနင်္သာရီတို့ကို အင်္ဂလိပ်ထံ ပေးအပ် ရပါသည်။ အာသံနှင့် မဏိပူရတို့ကိုလည်း မြန်မာတို့လက်လွှတ်ခဲ့ရသော်လည်း ကဘော်ချိုင့်ဝှမ်း သည် မြန်မာ့ပိုင်နက်အဖြစ် အင်္ဂလိပ်က သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အင်္ဂလိပ် သံအမတ်ဖြစ်သူ မေဂျာဘာနေး၏ “၁၃၇ဝ ပြည့်နှစ်မှ စစ်ပွဲမတိုင်မီ ၁၂ နှစ်အထိ ကဘော်ချိုင့်ဝှမ်းသည် မြန်မာတို့ ပိုင်နက်ဖြစ်ကြောင်း” အိန္ဒိယဘုရင်ခံချုပ်ထံ အစီရင်ခံချက်သည် အမှန်ဖြစ်ပါလိမ့်မည်။ မြန်မာနောက်ဆုံး မင်းဆက် မင်းတုန်း-သီပေါမင်းဘုရင်တို့လက်ထက် ဝန်ကြီး ၄ ပါးအနက် “ခန်းပတ်မင်းကြီး”သည် အဆိုပါမြို့ကို စားရသော ဘုန်းကြီးလူထွက်ဖြစ်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ကဘော်ချိုင့်ဝှမ်းအတွက် မဏိပူရထံ လစဉ် ရူးပီး ၅၀၀ ပေးရသည် ဆိုသည်မှာ ဗြိတိသျှအိန္ဒိယအစိုးရက ပေးခြင်းဖြစ်ပါသည်။ နေရူး၏ဦးနုထံလက်ဆောင်က အထောက်အထား မတွေ့ရပါ။ တမူးမြို့နယ်အတွင်း ပါဝင်သည့် ချင်းနယ်စပ် ခန်းပတ်မြို့ကို ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလမှာ PDF တို့က သိမ်းယူထားပါသည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းသောင်းကျန်းမှုအတွင်း ရှေးယခင် ကျွန်တော်တို့ ဘိုးဘေးများ ထူထောင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အချုပ်အခြာပိုင်နက်မှာ စိန်ခေါ်မှုများ ပြည့်နှက်လာပါသည်။ မြို့ပေါင်း ၉၀ ခန့် ကို လက်နက်ကိုင်အုပ်စုအသီးသီးတို့က တိုက်ခိုက်သိမ်းပိုက်ထားပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တို့က ၎င်းတို့လူမျိုးစုအလိုက် ကွန်ဖက်ဒရေးနိုင်ငံငယ် ထူထောင်မည့်အကြောင်း ကြုံးဝါးနေကြစဉ် အိမ်နီးချင်း တိုင်းပြည်များကလည်း နယ်စပ် မြန်မာနယ်မြေအချို့သည် ၎င်းတို့အပိုင်ဖြစ်ကြောင်း စစ်ရေးလှုပ်ရှားမှုများအထိ တွေ့ရှိလာ ရပါသည်။
စင်စစ်၌ ယနေ့ကမ္ဘာမှာ ကွန်ဖက်ဒရေးရှင်းများ စုပေါင်းပြီး တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင် ထားခြင်း တစ်နိုင်ငံမျှ မရှိပါ။ ၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်ကို တော်လှန်ပြီး ကွန်ဖက်ဒရေးရှင်း ပြည်နယ်များနှင့် ထူထောင်ခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ယခုလို ပြည်ပ ခြိမ်းခြောက်မှု များကို တွန်းလှန်နိုင်မှု မရှိခြင်းအပါဝင် အခြား ဘဏ္ဍာရေး ဥပဒေရေးပြဿနာများကြောင့် (၁၈၆၁-၁၈၆၅ ခုနှစ်) ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရပါသည်။ ကွန်ဖက်ဒရေးရှင်းများ၏အားနည်းချက်ကိုမြန်မာပြည် မည်သည့်မီဒီယာ မည်သည့်နိုင်ငံရေးသမားမျှ မရေးကြ ၊မပြောကြပါ၊ ကဘော်ချိုင့်ဝှမ်း နှင့် မဏိပူနိုင်ငံရေးသမားများကတော့ ကွန်ဖက်ဒရေးရှင်းထူထောင်မည် ဆိုသည့် မြန်မာ လက်နက်ကိုင် များကို သင်ခန်းစာ ပေးနေပါပြီ။