အီရန်နဲ့အစ္စရေးတို့ကြားမှာ မီးကုန်ယမ်းကုန်စစ်ပွဲကြီး တစ်ခုဖြစ်လာမှာလား

Posted_Date

Image

အီရန်နဲ့အစ္စရေးတို့ကြားမှာ မီးကုန်ယမ်းကုန်စစ်ပွဲကြီး တစ်ခုဖြစ်လာမှာလား

Body

အောက်တိုဘာလ ၁ ရက်   ညခင်းပိုင်းမှာ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်လိုက်တာ အားလုံးအသိပါပဲ။ ဒီလိုတိုက်ခိုက်မှုမျိုး ဖြစ်ပေါ်လာမှာကို ကြိုတင်တွက်ဆထားခြင်း မရှိတဲ့အတွက် မမျှော် လင့်သောဖြစ်ရပ်ဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါတောင်မှ အီရန်က ဒုံးကျည်တွေနဲ့ မပစ်ခတ်မီ ဒီလိုလုပ်ဖို့အစီ အစဉ်ရှိနေတယ်လို့ အမေရိကန်က အစ္စရေးကိုသတိ ပေးခဲ့ပါသေးတယ်။ အစ္စရေးစစ်ဘက်က လက်ဘနွန် နိုင်ငံတောင်ပိုင်းကိုဝင်ရောက်ပြီး အကန့်အသတ်ဖြင့် မြေပြင်စစ်ဆင်ရေးကိုစတင်တယ်လို့ကြေညာပြီး ၂၄ နာရီမပြည့်မီမှာပဲ အမေရိကန်ကသတိပေးလိုက်တာ

ပါ။ နောက်ဆုံးမှာတော့ အမေရိကန်ရဲ့သတိပေးချက်က   အမှန်တကယ်ဖြစ်လာပြီး အီရန်ကအစ္စရေးကို ဒုံးကျည်အစင်းပေါင်း ၄၀၀ လောက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီထဲမှာ အသံနှုန်းလွန်ဒုံးကျည်တွေ လည်းပါဝင်တယ်လို့ အီရန်ဘက်က ထုတ်ပြန်ထားပါတယ်။

အီရန်ဘက်က အခုလိုတိုက်ခိုက်ခြင်းဟာ အစ္စရေး လက်ချက်ကြောင့်သေဆုံးသွားရတဲ့ အီရန်တာဝန်ရှိ သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ ထိပ်တန်းခေါင်း ဆောင်တွေအတွက် လက်တုံ့ပြန်ခြင်းဖြစ်ပြီး အခုလို ပစ်ခတ်ပြီးနောက် လက်တုံ့ပြန်မှု ပြီးသွားပြီလို့ ပြောပါတယ်။ အကယ်၍များ အစ္စရေးဘက်က အခုလိုတိုက် ခိုက်မှုအပေါ် ပြန်ပြီး လက်တုံ့ပြန်မယ်ဆိုရင် အခုထက် ပိုဆိုးတဲ့ အကျိုးဆက်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး အီရန်ရဲ့ လက်သံပြောင်လှတဲ့ အစ္စလာမ်မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့ကထုတ်ပြန်လာပါတယ်။ ဒီထုတ် ပြန်ချက်ကိုကြည့်ရင် တစ်ဖက်သားကိုတော်တော် လေးမခံချိမခံသာဖြစ်စေမှာပါ။ ဒါကြောင့်ပဲ အစ္စရေးက သူတို့သတ်မှတ်ထားတဲ့ အချိန်ကျရင် အီရန်အပေါ် တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

အမေရိကန်တာဝန်ရှိသူတွေက Washington Post သတင်းဌာနကို ပြောထားတာတချို့လည်းရှိပါသေး တယ်။ ဘာလဲဆိုတော့ အီရန်က အောက်တိုဘာလ ၁ ရက်မှာ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် လည်း အစ္စရေးနဲ့တော့ စစ်ပွဲကြီးဖြစ်ပွားမှာကိုမလို လားဘူးဆိုတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ကလည်း အစ္စရေးကိုကြီးကြီးမားမားလက်တုံ့ပြန်တိုက် ခိုက်မှုမလုပ်ဖို့ တိုက်တွန်းသွားဖွယ်ရှိနေတယ်ဆိုပြီး သတင်းဌာနကဆက်လက်ဖော်ပြထားပါတယ်။ ဒါပေမဲ့ Bloomberg သတင်းဌာနကတော့   အခုအီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုဟာ ဧပြီလအတွင်းက သူတို့လုပ်ခဲ့တဲ့ တိုက်ခိုက်မှုထက် များစွာပိုကြီးတာကြောင့် အီရန် ဟာ အမှားအကြီးကြီးကို ကျူးလွန်လိုက်ပြီလို့ဆိုပါ တယ်။ ဒါ့အပြင် အီရန်ရဲ့အခုတိုက်ခိုက်မှုဟာ သူတို့ရဲ့ အားနည်းချက်ကိုဖော်ပြနေကြောင်းနဲ့ သိသာထင်ရှားတဲ့ လက်တုံ့ပြန်မှုကိုပြသနိုင်တဲ့ စွမ်းရည်နဲ့ရည်မှန်း ချက်နည်းပါးနေတာကြောင့် စက္ကူကျားတစ်ကောင် မျှသာဖြစ်တယ်လို့ကို ပြောထားပါသေးတယ်။

အစ္စရေးဟာ ဒေသတွင်းမှာ တော်တော်လေး လက်သံပြောင်တဲ့ အနေအထားမှာ ရှိပါတယ်။ သူ့ကို တစ်ချက်ထိရင် ၁၀ ချက်ပြန်လုပ်လိုက်ရမှ ကျေနပ်တဲ့သူမျိုးပါ။    ဒီလိုအခြေအနေ တွေကြောင့်လည်း သူ့ရဲ့ပတ်ဝန်းကျင်မှာ ရန်သူတွေပိုပြီးဝိုင်းလာတာဖြစ်ပါတယ်။ ရန်သူတွေပိုဝိုင်းလေ သူကပိုပြီး လက်သံပြောင်ပြလေနဲ့ မပြီးဆုံးနိုင်တဲ့ သံသရာကြီးထဲမှာ ရှင်သန်နေသလိုပါပဲ။ အခုလည်း အီရန်ကသူတို့ရဲ့ ဧပြီလ တိုက်ခိုက်မှု  အပြီးမှာ အစ္စရေးအနေနဲ့  အခြေအနေတွေကို တင်းမာမှု ပိုကြီးလာအောင်မလုပ်ဖို့နဲ့ ဒီလိုမှ မဟုတ်ရင် နောက်တစ်ကြိမ်လုပ်ဆောင်လာနိုင်တဲ့ လက်တုံ့ပြန်မှုက အခု ထက်ပိုမိုပြင်းထန် လာလိမ့်မယ်လို့ သတိပေးထားပြီးသားပါ။ ဒါကြောင့် အခုအောက်တိုဘာလ ၁ ရက်မှာ လုပ်တဲ့ အီရန်တို့ရဲ့တိုက်ခိုက်မှုက အံ့ဩစရာ မရှိသလို အထူးအဆန်းလည်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ မိမိတို့အနေနဲ့ ပိုမိုသတိထားပြီး စောင့်ကြည့်ရမယ့်အရာ တစ်ခုက အီရန်နဲ့အစ္စရေးတို့ကြားမှာ မီးကုန်ယမ်းကုန် စစ်ပွဲကြီးဖြစ်ပွားလာလေ မလားဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေ မဖြစ်လာစေချင်တဲ့   အီရန်ဟာ စီးပွားရေးဘက်လှည့်ကာ အနောက်အုပ်စုနဲ့ဆွေး နွေးမှုတွေ ပိုလုပ်သွားဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ သူမျှော်လင့်တာက အနောက်အုပ်စုနဲ့ဆက်ဆံရေးပြန် အဆင်ပြေပြီး ဒေသတွင်းမှာ တင်းမာမှုတွေလျော့ကျ သွားစေဖို့ပါ။ ဒါပေမဲ့လည်း အခြေအနေကမပေးလာ ပါဘူး။ လက်ရှိဖြစ်လာတဲ့ အနေအထားကိုကြည့်ရင် အီရန်အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေး ကောင်းတစ်ခုကို တည်ဆောက်မှုထက်     သူ့ရဲ့ဂုဏ်သတင်းချ နင်းမခံရစေရေးကို အဓိကဦးစားပေးလိုက်ရ ဖွယ်ရှိပါတယ်။ အကြောင်းရင်းက အစ္စရေးဟာ အီရန်နိုင်ငံထဲ အထိဝင်ပြီး အီရန်ရဲ့မဟာမိတ်ခေါင်းဆောင် တစ်ဦးကို ချေမှုန်းပြလိုက်လို့ပါပဲ။

ဒီလိုမျိုးတွေဖြစ်လာတဲ့အပေါ်မှာ အနောက်အုပ်စု ကကြားဝင်ဖျန်ဖြေပေးတာမျိုး၊ တင်းမာမှုတွေလျော့ ကျအောင်ဆောင်ရွက်ပေးတာမျိုး မရှိရုံမျှသာမကဘဲ အစ္စရေးကိုစစ်လက်နက်ပစ္စည်းတွေ ထပ်ရောင်းပေး လိုက်ပြန်ပါတယ်။ ဒါကြောင့် ဒေသတွင်းမှာစစ်ပွဲကြီး တစ်ခုဖြစ်လာခဲ့ရင် ဒီအခြေအနေဟာ အနောက်အုပ်စုရဲ့ ပယောဂမကင်းဘူးလို့ ဆိုရပါလိမ့်မယ်။    ဒီတော့စစ်ပွဲကြီးဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် အစ္စရေးကအီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှု သေချာပေါက်လုပ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အီရန်ဟာကန့်သတ်မျဉ်းကို ကျော်လွန်သွားပြီလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုပြောထားလို့ပါ။ ဒီလိုပြောခြင်းဟာ သွယ်ဝိုက်သောနည်းနဲ့ အီရန်အပေါ် စစ်ကြေညာလိုက်တာဆိုပြီး ယူဆနိုင်ပါတယ်။ ဒါဆိုရင် အစ္စရေးအနေနဲ့ စစ်မျက်နှာနှစ်ဖက် ဖွင့်တဲ့စစ်ပွဲကြီးတစ်ပွဲကို ကောင်းစွာ ကိုင်တွယ်နိုင်မှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဟားမက်တို့က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး အစ္စရေးဓားစာခံတွေကို ခေါ်သွားတာဟာ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။ လက်ရှိအချိန်အထိလည်း ဓားစာခံအများအပြားဟာ ဟားမက်လက်ထဲ မှာရှိနေတုန်းပါပဲ။ အစ္စရေးအနေနဲ့ ဟားမက်အဖွဲ့နဲ့ ဟစ်ဇဘိုလာအဖွဲ့တို့ရဲ့ခေါင်းဆောင်များကို ချေမှုန်း နိုင်သည်အထိ စစ်ဆင်နွှဲထား နိုင်သော်လည်း ဒီအဖွဲ့တွေအပေါ်မှာ အောင်ပွဲမရသေးဘူးလို့ပြောရပါလိမ့် မယ်။ ဟားမက်နဲ့ ဟစ်ဇဘိုလာဆိုတာ နိုင်ငံရေးအရ သာပူးပေါင်းတာမဟုတ်ဘဲ သဘောတရားရေးရာက လည်း အတူတူပဲ ဖြစ်နေပါတယ်။ သဘောတရားရေးရာတစ်ခုကို အနိုင်ယူဖို့ ဆိုတာက တော်တော်လေးကို ခက်ခဲပါတယ်။ အထူးသဖြင့် သူတို့နောက်ကွယ်မှာ ထောက်ပံ့မှု ကြီးကြီးမားမား ရှိနေတယ်ဆိုရင်ပေါ့။

ဘယ်လိုအခြေအနေမျိုးမှာမဆို အီရန်နဲ့အစ္စရေးတို့ကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ကမ္ဘာပျက်သွားစေမှာ အမှန်ပါပဲ။ အစ္စရေးက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ထားတယ်။ စစ်အင်အား တောင့်တင်းတယ်။ ဒီအချက်တွေ ကအီရန်အတွက်တော့ ကြီးစွာသောရန်သူဖြစ်စေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း သူတို့နှစ်ဦးကြားမှာ စစ်ဖြစ်ရင် မမျှော်မှန်းနိုင်တဲ့နောက်ဆက်တွဲအကျိုး ဆက်တွေအထိ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အီရန်အနေနဲ့ ပြည်ပစစ်ဆင်နွှဲရမယ်ဆိုရင် နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ ပိုမိုများပြားလာပါလိမ့်မယ်။ ဒီလိုမျိုး အခြေအနေကလည်း စစ်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတဲ့ အပေါ်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အခြေအနေတစ်ခုပါ။ ပြိုင်ဘက်နိုင်ငံရေး အဖွဲ့အစည်းတွေအနေနဲ့ ဒီလို အခြေအနေအပေါ် အခွင့်ကောင်းယူပြီး အီရန်အစိုးရအပေါ် အပြစ်တင်ဝေဖန်မှုတ ွေလုပ်လာနိုင်ပါတယ်။ ဒီကနေမှတစ်ဆင့် အီရန်စစ်သည်တွေဟာ  အရှုံးနဲ့ရင်ဆိုင်လာရနိုင်ပါတယ်။

စစ်ပွဲတစ်ပွဲကို ဆင်နွှဲတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်အချက်က ဘဏ္ဍာရေးအခြေအနေပါ။ ရေတိုစစ်ပွဲမှာ အင်အားသာလွန်သူက အနိုင်ရနိုင်ပေမယ့် ရေရှည်စစ်ပွဲဖြစ်ပွားရင် စီးပွားရေးတောင့်တင်း သူကသာ အနိုင်ရပါလိမ့်မယ်။ လက်ရှိမှာ အီရန်နိုင်ငံအနေနဲ့ စီးပွားရေးအင်အားတောင့်တင်းမှုသိပ်မရှိလှ ပါဘူး။ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ရေနံကနေရရှိတဲ့အမြတ်နည်းလာတာတွေကြောင့် စီးပွားရေး အခြေအနေက မလူးသာမလွန့်သာ အခြေအနေပါ။ ဒါကြောင့် စစ်ဖြစ်ရင် အီရန်ရင်ဆိုင်နေရတဲ့ စီးပွားရေးဒုက္ခက ပိုကြီးလာပါလိမ့်မယ်။

နောက်ဆုံးထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုက အိမ်နီးချင်းနိုင်ငံများမှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးလှ သောအခြေအနေတွေပါ။ လက်ရှိမှာဆိုရင် ဒေသတွင်း ပဋိပက္ခက      စစ်မျက်နှာအစုံမှာ ဖြစ်ပွားနေတာပါ။ 

ပါလက်စတိုင်းနဲ့ ယီမင်တို့ဆီကနေလည်း အချက်ပေးသံ တွေမြည်လာနေတဲ့အတွက် စစ်ပွဲကြီးတစ်ပွဲကတော့ မလွှဲမရှောင်သာဖြစ်လာရမယ့်အခြေအနေရှိပါတယ်။ အဲဒီစစ်ပွဲမှာ ဆီးရီးယား၊ အီရတ်နဲ့ ပါရှန်းပင်လယ်ကွေ့ နိုင်ငံတချို့သာမက တူကီယဲနဲ့ပါကစ္စတန်လိုနိုင်ငံ တွေကလည်းပါဝင်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာ ခဲ့ရင် စွမ်းအင်ဈေးကွက်အပေါ် အကြီးအကျယ်ထိခိုက်ပြီး စီးပွားရေး မတည်ငြိမ်မှုတွေက ပိုမိုကြီးထွားလာနိုင်ပါတယ်။

အရှေ့အလယ်ပိုင်း အရေးကိစ္စပြောဆိုရာမှာ မပါမဖြစ်ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အမေရိကန်သမ္မတရွေးကောက် ပွဲပါ။ လက်ရှိအမေရိကန်အစိုးရက အခုဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် သိပ်အာရုံမစိုက်နိုင်ပါဘူး။ အကယ်၍များ ရွေးကောက်ပွဲမှာဒေါ်နယ်ထရမ့်အနိုင်ရပြီး အစ္စရေးဘက်ကနေ ထောက်ပံ့မှုတွေပိုပြီးပေး လိုက်တယ်ဆိုရင် အီရန်ကိုစစ်ပွဲထဲထည့်ချင်နေတဲ့ အစ္စရေးအတွက် အခွင့်ကောင်းကြီး တစ်ခုဖြစ်သွားနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလိုမျိုးပဲ အီရန်ကတော့ စစ်ပွဲကိုတတ်နိုင်သမျှရှောင်မှာပါ။ ဒါပေမဲ့မတတ်နိုင်တဲ့အဆုံးမှာ အီရန်သည်လည်း အစ္စရေးနဲ့စစ်ပွဲဆင်နွှဲ မှုကိုမဖြစ်နေ လုပ်လာရပါလိမ့်မယ်။ အဲဒီစစ်ပွဲသည်လည်း မီးကုန်ယမ်းကုန်စစ်ပွဲကြီး ဖြစ်လာပါလိမ့်မယ်။

သေချာတာ တစ်ခုကတော့ ဒီစစ်ပွဲမှာ ပါဝင်သူအားလုံး အရှုံးနဲ့သာ ရင်ဆိုင်ရမှာဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။     ။

Ref: RT

Source-Myawady Webportal