စစ်အေးတိုက်ပွဲမှသည် ချစ်ကြည်နွေးထွေးမှုဆီ

Posted_Date

Image

စစ်အေးတိုက်ပွဲမှသည် ချစ်ကြည်နွေးထွေးမှုဆီ

Body

၁၉၅ဝ ပြည့်လွန်နှစ်များဆီ မိမိတို့ငယ်စဉ်က နယူးယောက်မြို့တွင် ကျောင်းတက်နေစဉ် ဥသြသံများ ဆူညံစွာထွက်ပေါ်လာသည်။ မိမိတို့သည် စားပွဲခုံများအောက်သို့ ချက်ချင်းဝင်၍ ခေါင်းကို လက်နှင့်အုပ် ထားရသည်။

“ဆိုဗီယက်တွေ လာပြီ။”

မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မိမိတို့ ကြောက်နေမည်စိုး၍ စင်္ကြံတွင် စုစုစည်းစည်းနေကြရန် ပြောသည်။

ဆိုဗီယက်ပြည်ထောင်စုသည် မော်စကိုရှိ ကွန်မြူနစ်ပါတီဗဟိုမှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည့် ဥရောပနှင့် အာရှတစ်ခွင်ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်သည်။ ၎င်းထဲတွင် ရုရှားသမ္မတနိုင်ငံပါဝင်ပြီး ယခုအခါ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် အက်စ်တိုး နီးယားနိုင်ငံတို့အဖြစ် ကွဲသွားသည်။ အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏အာဃာတများသည် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှ ၁၉၉ဝ ပြည့်နှစ် ဘာလင်တံတိုင်းပြိုကျမှု အထိ ကြာမြင့်ခဲ့သော “စစ်အေးတိုက်ပွဲ” အတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။

စစ်အေးတိုက်ပွဲ၏ အဆိုးရွားဆုံးကာလများ

ဤအာဃာတများသည် နှစ်နိုင်ငံအား နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအခြေအနေကို ရောက်စေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ကျူးဘားနိုင်ငံသို့ ဒုံးကျည်များ ပို့ဆောင်ခဲ့ပြီး ဒုံးကျည်ပစ် စင်များ တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများမှ သိရှိခဲ့ရသည်။ ဒုံးကျည် များ၏ အဖျက်စွမ်းအားသည် ၎င်းတို့အား အမေရိကန် ပြည်ထောင်စုတစ်ခုလုံးကို ပစ်မှတ်ထားစေနိုင်မည် ဖြစ်သည်။

သမ္မတ ဂျွန် အက်ဖ် ကနေဒီ နှင့် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ခရုရှော့ တို့ကြား ထိပ်တိုက် တွေ့ဆုံပြီး နောက် အိမ်ဖြူတော်နှင့် မော်စကိုအကြားတွင် “ဆက်သွယ်ရေးလမ်းကြောင်း” တစ်ရပ်ကို ထူထောင်နိုင် ခဲ့သည်။

ဝန်ကြီးချုပ် မစ်ဟေး ဂေါ်ဗာချော့ဗ် လက်ထက်တွင် အစိုးရတွင်း ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်သည့် “စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု”များ စတင်ချိန်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်း၌ ပြိုကွဲသွားခဲ့ရသည်။ ဆိုဗီယက်ဆိုရှယ်လစ်နိုင်ငံများသည် လွတ်လပ်သောနိုင်ငံများ ဖြစ်လာပြီး အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား တို့ကဲ့သို့ အချို့သောနိုင်ငံများသည် ဥရောပသမဂ္ဂ သို့ ဝင်ရောက်လာခဲ့သည်။

သို့သော် ဗလာဒီမာပူတင် အာဏာရလာသည်နှင့်တစ်ပြိုင်နက် ဆက်ဆံရေးပြန်လည် အေးစက်လာခဲ့ ပြန်သည်။ ပူတင်သည် ခရုရှော့ ကဲ့သို့ အနောက်နိုင်ငံများကို ချေမှုန်းပစ်မည်ဟု မပြောသော်လည်း ပူတင်၏ သက်ဦးဆံပိုင်နှင့် ရန်လိုသည့်ပုံစံက ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသည် အားလုံးပါဝင်သည့် ဥရောပ လုံခြုံရေး ဗိသုကာ၏ အစိတ်အပိုင်းဖြစ်မည်မဟုတ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ပူတင်နှင့်အတူ စစ်အေး တိုက်ပွဲ ၂.၀ ပုံစံသည် လှုပ်နိုးစပြုလာသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် မဟာမိတ်များ ဖြစ်ခဲ့ကြသည် ကို မေ့ပစ်ရန် လွယ်ကူသွားစေသည်။

အပယ်ခံနိုင်ငံ

၂၀၂၄ ခုနှစ်၊ ဇွန်လက ပြင်သစ်နိုင်ငံတွင် D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ၌ နာဇီဂျာမနီတို့ကို တိုက်ခိုက်ခဲ့စဉ်က ဆိုဗီယက်စစ်သား ၁၁ သန်းခန့် ကျဆုံးခဲ့ရသော်လည်း ရုရှားနိုင်ငံ အနေဖြင့် ဖိတ်ကြားခံရခြင်းမရှိခဲ့ပေ။ စစ်ပွဲအတွင်းက ဆိုဗီယက် ပြည်ထောင်စုတွင် လူ ၂၇ သန်းခန့် သေဆုံး ခဲ့သည်ဟု ခန့်မှန်းရသည်။

ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်တပ်ပေါင်းစုသည် ထိုစစ်ပွဲအပြီးတွင် ကြာရှည်မခံခဲ့ပေ။ ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီက ဥရောပအပေါ် ကျရောက်လာသည့် “သံစည်းရိုး” (ဆိုဗီယက် ပြည်ထောင်စု ၏ ဥရောပအရှေ့ပိုင်းနိုင်ငံများကို ထိန်းချုပ်၍ အနောက်ပိုင်းနှင့် ကန့်သတ် ထားခြင်း) ကို သတိပေးခဲ့သည်။ အမေရိကန်သမ္မတ ဟယ်ရီ ထရူးမန်းက “ထရူးမန်းဝါဒီ” ဟု လူသိများသော မူဝါဒတစ်ခုဖြစ်သည့် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ကွန်မြူနစ်ဝါဒပြန့်ပွားခြင်းကို တားဆီးမည်ဟု ကတိပြုခဲ့သည်။

ထို့ကြောင့် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား အယူဝါဒနှင့် ပထဝီဝင် နိုင်ငံရေးအရ မယုံကြည်မှုများ အစပျိုးခြင်းသည် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ် စတာလင်တို့သည် စစ်ပြီး ခေတ် ဥရောပကို ပြန်လည်ဖွဲ့စည်းရေးဆောင်ရွက်ရန် ခရိုင်းမီးယား၌ တွေ့ဆုံခဲ့ကြသည့် သမိုင်းဝင် ယဲလ်တာ ညီလာခံအပြီး မကြာမီတွင် စတင်ခဲ့သည်။

ငြိမ်းချမ်းစွာ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စုနှင့် ဗြိတိန်တို့အကြား ဘုံရန်သူကိုတိုက်ဖျက်မည့် မဟာမိတ်အဖွဲ့ကြီးသည် လေးနှစ်သာ ခံခဲ့သည်။

နောက်ဆက်တွဲစစ်မက်များ လွန်စွာပြင်းထန်လာသည့်အတွက် ၁၉၄၈ ခုနှစ်တွင် အရှေ့ ဂျာမနီကို ထိန်းချုပ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုသည် အနောက်နိုင်ငံများ ထိန်းချုပ်ထားသည့် ဘာလင်၏ ဒေသအချို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အဆိုပါဒေသရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို လေကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ရသည်။ နောက်ဆုံးတွင် အရှေ့ဂျာမနီအစိုးရသည် ဘာလင်မြို့၏ အရှေ့နှင့်အနောက်ကို ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့လေသည်။

စစ်အေးတိုက်ပွဲ ၂.ဝ

၁၉၉၁ ခုနှစ်၊ ဘာလင်တံတိုင်းပြိုကျမှုသည် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်အေးတိုက်ပွဲကို တရားဝင် အဆုံးသတ်စေခဲ့သော်လည်း မကြာသေးမီက ရုရှားတို့၏ရန်လိုမှုများကြောင့် စစ်အေး တိုက်ပွဲ ၂.ဝ ဟု လူအများက သုံးသပ်ယူဆခဲ့ကြသည်။ ရုရှားတပ်များသည် ၂ဝဝ၈ ခုနှစ်တွင် ဂျော်ဂျီယာကို တိုက်ခိုက်ခဲ့ပြီး ရလဒ်အနေဖြင့် အက်ဘ်ခါဇီယာနှင့် တောင်အိုဆက်တီးယားတို့သည် ဂျော်ဂျီယာမှ ခွဲထွက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်သည့် ခရိုင်းမီးယားကို ရုရှားက ကျူးကျော်ခဲ့ပြီး ယနေ့တွင် ယူကရိန်း ပိုင်နက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသည်။

ရုရှားနှင့် အနောက်အုပ်စုတို့အကြား အမုန်းအာဃာတများ ကြီးထွားလာနေသည့် သက်သေအဖြစ် ဆွီဒင်နှင့် ဖင်လန်တို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဂျော်ဂျီယာနှင့် ယူကရိန်းတို့က အနာဂတ် နေတိုး အဖွဲ့ဝင် အဖြစ် ကတိပြုခဲ့ကြကာ မော်စကိုအပေါ် ပြင်းထန်သောပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ရုရှားကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားသည်။ နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က ပူတင်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုတင်းမာမှုများအားလုံးသည် သမ္မတ ထရမ့် လက်ထက်တွင် ပြောင်းလဲလာပုံရသည်။ စစ်အေးတိုက်ပွဲ ၂.ဝ သည် ဝါရှင်တန်တွင် အဆုံးသတ်နိုင်ဖွယ်ရှိသည်။ ကုလသမဂ္ဂညီလာခံတွင် ရုရှား၏ ယူကရိန်း ကျူးကျော် စစ်အား ရှုတ်ချကြောင်းအဆိုကို အမေရိကန်က ရုရှားနှင့်အတူ ကန့်ကွက်မဲပေးခဲ့သည်။

ကမ္ဘာကြီးကို တုန်လှုပ်စေသောတွေ့ဆုံမှုအဖြစ် ထရမ့်သည် စစ်ရေးအကူအညီများအတွက် တွင်းထွက် သယံဇာတဆိုင်ရာ အခွင့်အရေးများပေးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့သော်လည်း ဇီလန်စကီးကို ကမ္ဘာ့မီဒီယာများ ရှေ့တွင် အရှက်ရစေခဲ့သည်။ နောက်ပိုင်းတွင် ထရမ့်သည် ယူကရိန်းသို့ လက်နက်များတင်ပို့မှုကို ရပ်တန့်မည် ဟု ကြေညာခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပူတင်ကို ချီးကျူးခဲ့သည်။ ထိုအချင်းအရာသည် အမေရိကန်-ရုရှား ဆက်ဆံရေးတွင် သိသာ ထင်ရှားသော အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။

ထရမ့်၏ ပွဲသိမ်းကစားပွဲ

ထရမ့်၏စိတ်ထဲတွင် ဘာရှိနေသလဲ? အပေါ်ယံအဖြေအားဖြင့် ငြိမ်းချမ်းရေးနှင့် ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်လိုသည်ဟုဆိုသော်လည်း သူ၏ဗျူဟာသည် ပို၍ကြီးမားပေဦးမည်။

ထရမ့်၊ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အကြား ယဲလ်တာ ၂.၀ ပုံစံမျိုး မဟာမိတ် အဖွဲ့ သို့မဟုတ် တွေ့ဆုံမှုတစ်ခုကို ၎င်းအနေဖြင့် မျှော်မှန်းထားကြောင်း အရိပ်အယောင်များ တွေ့ရသည်။ ဥရောပကို ပြန်လည်ဖွဲ့စည်းမည့်အစား ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ထူထောင်နိုင်ခြေရှိသည်။

ခိုင်လုံသောရည်ရွယ်ချက်အနေဖြင့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့အကြား တင်းမာမှုများကို အဆုံးသတ် ရန်ဖြစ်သည်။ ထရမ့်သည် နိုဘယ်ငြိမ်းချမ်းရေးဆုကိုပင် စိတ်ကူးနေပေလိမ့်မည်။

အမေရိကန်-ရုရှားမူဝါဒတွင် ဤသိသာထင်ရှားသော အပြောင်းအလဲသည် မည်သို့ဖြစ်လာမည်နည်း?

စစ်ရေးအရ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်သ် က ရုရှားအပေါ် ထိုးစစ် ဆင်နေသည့် ဆိုက်ဘာစစ်ဆင်ရေးများကို ရပ်တန့်ရန်အမိန့်ပေးခဲ့ပြီး ရုရှားအပေါ် အမေရိကန်၏ စစ်ဆင်ရေးအားလုံးကို ပိုမိုလေးနက်စွာ ပြန်လည်အကဲဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်လွင်ပေသည်။

နိုင်ငံရေးအရ ရုရှားကိုဆန့်ကျင်သော ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများသည် ၎င်းတို့၏သဘောထားကို ပြောင်းလဲလာကြသည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှ သြဇာရှိ အမေရိကန် အထက် လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရုရှားနိုင်ငံနှင့် ပူတင်အား ရှုတ်ချသည့် နှစ်ပါတီ သဘောတူဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သည်။ ယခုအခါ စစ်ပွဲအတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်မှာ တာဝန်ရှိကြောင်းနှင့် ထရမ့်သည် ရုရှားအပေါ် မှန်ကန်သောမူဝါဒရှိပြီး ဇီလန်စကီးအနေဖြင့် ရာထူးမှနုတ်ထွက်သင့်ကြောင်း ပြောကြားလာခဲ့ပြန်သည်။

အမေရိကန်-ရုရှားဆက်ဆံရေးတွင် ယခုဖြစ်ပျက်နေသည့်အရာသည် မူဝါဒပြောင်းလဲမှုမျှသာမကပေ။ အဆိုပါအရာသည် သမိုင်းဝင်အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။ ထရမ့်၏မူဝါဒအသစ်သည် ၎င်း၏ ဥရောပမိတ်ဖက်အားလုံးနီးပါးကို အံ့သြထိတ်လန့်စေခဲ့သည်။ ထိုအရာသည် သံတမန်မဆန်သော လုပ်ရပ် ဟုပင် ဆိုရပေမည်။

Source: https://news-decoder.com/decoder-from-a-cold-war-to-a-warm-hug/

(ဆောင်းပါးရှင် Daniel Warner ၏ From a cold war to a warm hug ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုပါသည်။)