လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် တပ်မတော်
Posted_Date
Image

Body
တပ်မတော် မရှိသောနိုင်ငံဟူ၍ ကမ္ဘာတွင် မရှိသေးသည်မှာ တပ်မတော်၏ အရေးပါမှု၊ အရာရောက်မှုကို ညွှန်းဆိုနေခြင်းဖြစ်သည်။ တပ်မတော်ဆိုသည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည်။
အခြားသောနိုင်ငံများထက် မြန်မာနိုင်ငံတွင် တပ်မတော်ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းမှာ ထူးခြားလှသည်ဟုဆိုနိုင်သည်။ မလွတ်လပ်သောနိုင်ငံအဖြစ် နေထိုင်ကြရစဉ် တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာအောင် လှုပ်ရှားရုန်းကန်ခဲ့ရသည့် သမိုင်းကြောင်းသည် အမြဲထာဝစဉ် မမေ့အပ်သည့်သမိုင်းကြောင်း ဖြစ်သည်။ တပ်မတော်တစ်ရပ်အဖြစ်ထင်ရှားစွာပေါ်ပေါက်လာသည့်အတွက် မြန်မာနိုင်ငံသည် လွတ်လပ်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။
မြန်မာ့သမိုင်းကို အကျဉ်းမျှဖော်ပြရလျှင် ၁၉ ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများတွင် စက်မှုအတတ်ပညာများ ထွန်းကားလာသည်။ မြန်မာနိုင်ငံတွင် ပဒေသရာဇ်စနစ် ကျင့်သုံးနေသည်။ နိုင်ငံတော်ကာကွယ်ရေးအင်အား အနေဖြင့်ရှိနေသော်လည်း ခေတ်မီလက်နက်၊ ခေတ်မီစစ်အတတ်ပညာတို့တွင် အားနည်းသည်။ ထိုသို့သော အခွင့်ကောင်းကိုယူကာ အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲခဲ့သည်။ ထိုစစ်ပွဲသုံးကြိမ်တွင် မြန်မာတို့စစ်ရှုံးခဲ့သည်။
သိုးငယ်ကို ဝံပုလွေအနိုင်ကျင့်သကဲ့သို့ အနိုင်ကျင့်ခံခဲ့ရသော အဖြစ်အပျက်သည် မြန်မာတို့အတွက် နာကြည်း၊ မုန်းတီး၊ စက်ဆုပ်ဖွယ်ဖြစ်သည်။ စာထဲတွင်သာသင်ကြားဖတ်ရှုခဲ့ရသော ကိုယ်တွေ့မကြုံသည့် သမိုင်းကြောင်းကိုပင် ကျွန်တော်တို့ ခံစားနေရသေးလျှင် ထိုခေတ်ထိုအခါက လူငယ်တို့စိတ်တွင် မည်သို့ဖြစ်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပါသည်။ သူ့ကျွန်အဖြစ်နေရစဉ်အတွင်း မြန်မာလူငယ်တို့ နာကျင်ခံခက်ဖြစ်နေမည်သာဖြစ်သည်။ ထို့ကြောင့်လည်းအရေးကြုံလာသည်နှင့် “အင်္ဂလိပ်အခက် ဗမာ့အချက်” စွဲမှတ်ကာ အင်္ဂလိပ်တို့အခက်အခဲကြုံနေစဉ် မြန်မာလူငယ်တို့ ပြည်ပသို့ထွက်ခွာသွားကာ စစ်ပညာများ တတ်မြောက်အောင် သင်ယူခဲ့ကြသည်။
“တပ်မတော်အစ ဘီအိုင်အေက” ဆိုစကားအတိုင်း တပ်မတော်၏အစ ဘီအိုင်အေစတင်ဖွဲ့စည်းစဉ်က ဦးဆောင် ပါဝင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်အကြောင်းကို မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ သခင်လူငယ်ရဲဘော်သုံးကျိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခေါင်းဆောင်ဖြစ်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌စတင်ဖွဲ့စည်းခဲ့ကြသည်။
“ငါတို့ဗမာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊သခင်လူမျိုးဖြစ်သည်၊ မည်သည့်လူမျိုးအောက်မှ ဒူးထောက်ကာ ကျွန်ခံခဲ့သောလူမျိုးမဟုတ်၊ လာရောက် လွှမ်းမိုးသောလူမျိုးတို့အား အစဉ်သဖြင့် တော်လှန်သုတ်သင်ခဲ့ကြသည်ချည်းဖြစ်၏။ သို့ဖြစ်၍ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်ကြကုန်အံ့။ ပုန်ကန်ကြကုန်အံ့။ ငါတို့သည်လွတ်လပ်ရေးကို သွေးနှင့်လဲခဲ့ကြသည့် လူမျိုးဖြစ်သည့်အလျောက် ဗမာ့မြေပြင်တွင် ဗမာ့သွေးများကို သွန်းလောင်းကာ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းကြကုန်အံ့”ဟု ဗမာတစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် ငြာသံပေးကာ နိပွန်(ဂျပန်)တို့၏အကူအညီဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)နှင့် မျိုးချစ်လူကြီးလူငယ်၊ လူရွယ်၊ မိန်းမ၊ ယောက်ျားမကျန်ပူးပေါင်းကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ချေမှုန်း မောင်းနှင်လိုက်ကြသည်။
ဘီအိုင်အေသည် ဂျပန်တပ်မတော်၏စစ်ဦး၌ ဘီလူးအဖြစ်ဖြင့် အမှုထမ်းခဲ့ရသည်။ ဂျပန်တပ်မတော်နှင့်အမြဲပူးပေါင်း တိုက်ခိုက်လေ့ရှိသည်။ တစ်ခါတစ်ရံ ဂျပန်တပ်များ၏ရှေ့ပြေးအဖြစ် လည်းကောင်း၊ လမ်းကြောင်းအဖြစ် လည်းကောင်း၊ တပ်တောင်ပံတစ်ရပ်အဖြစ်ဖြင့် လည်းကောင်း တိုက်ပွဲဝင်ခဲ့ရသည်။ မြန်မာပြည်မှအင်္ဂလိပ်တပ်များကို မောင်းထုတ်ရာ၌ ရက်ပေါင်း ၇၀ ကြာခဲ့သည်။ ရက်ပေါင်း ၇၀ အရေးတော်ပုံတွင် ဘီအိုင်အေက ဦးလည်မသုန် ဦးဆွေးဆံမြည့်သည့်တိုင်အောင် အထမြောက်အောင်မြင်စွာ သွေးနှင့်ချွေးနှင့် ရင်းနှီးကာ တိုက်ပွဲဝင်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်များ မြန်မာ့မြေပေါ်မှ ဆုတ်ခွာထွက်ပြေးခဲ့သည်။
နယ်ချဲ့လက်အောက် ကျရောက်နေရာမှ သခင်ဘဝသို့ ပြန်လည် ရောက်ရှိလာသောအခါ တစ်တိုင်းပြည်လုံးမှာ ရေတွေ့သောကြာပန်းကဲ့သို့ ရွှင်လန်းဝမ်းမြောက် ကြည်နူးခြင်းသို့ ရောက်ရှိလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာထွက်ပြေးရခြင်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ၏ တိုက်စွမ်းရည်နှင့် ဇွဲသတ္တိမှာ အကြောင်းရင်းခံဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်၍ တကယ်ပင် ရွပ်ရွပ်ချွံချွံ ရင်မြေကတုတ်လုပ်ပြီး တိုက်ခိုက်ခြင်းပြုခဲ့ကြသော မျိုးချစ်ပုဂ္ဂိုလ်များအား အစဉ်သဖြင့် ရင်ထဲနှလုံးသည်းပွတ်ထဲတွင် အမြဲထာဝရအောက်မေ့ သတိရသင့်ပေသည်။
ဂျပန်တို့အနေဖြင့် မြန်မာနိုင်ငံအား ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် လွတ်လပ်ရေးပေးခဲ့သည်။ ထိုလွတ်လပ်ရေးကိုအတုအယောင်ရွှေရည်စိမ်လွတ်လပ်ရေးဟု ဆိုခဲ့သည်။ လွတ်လပ်ရေးပေးသည် ဆိုသော်လည်း မြန်မာတို့တွင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိခဲ့သည်မဟုတ်၍ ရွှေရည်စိမ်ဟု နာမဝိသေသနပြုခြင်းဖြစ်သည်။
ဂျပန်များအုပ်စိုးနေသည့်ကာလတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ပြည်သူများစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ကြီးစွာနေထိုင်ကြရသည်။ အနေအထိုင်အစားအသောက် ဆင်းရဲသည်သာမက လူလုံခြုံမှု၊ ပစ္စည်းလုံခြုံမှုများလည်း ကင်းမဲ့နေသည်။ အထူးသဖြင့် မြန်မာတိုင်းရင်းသားများ ခံစားနေရသည်မှာ ချွေးတပ်စွဲခြင်းဖြစ်သည်။
ချွေးတပ်စခန်းမှာ ဖျားနာသေဆုံးသည့်ဦးရေများလာသည်။ မသေဘဲ ပြန်ရောက်လာသူများမှာလည်း လူစဉ်မမီဖြစ်သွားကြသည်။ ချွေးတပ်လိုက် နေရသည့်အတွက် လယ်ယာလုပ်ငန်းများကိုထိခိုက်သည်။ ထိုစဉ်က ဒေါက်တာဘမော် အစိုးရအနေဖြင့်လည်း လုပ်ပိုင်ခွင့်မရှိဖြစ်နေသည်။ ထို့ကြောင့် ဂျပန်ဆန့်ကျင်ရေး၊ မုန်းတီးရေး နာကြည်းစိတ်များ တစ်နိုင်ငံလုံးတွင်ပျံ့နှံ့လာသည်။ ထိုအချိန်က ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင်ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ်ပြန်လည်ဖွဲ့စည်းသည်။
အင်အား ၃၀၀၀ ခန့်ဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော်ကို ပျဉ်းမနားတွင်ဌာနချုပ်ထားကာ ဖွင့်လှစ်သည်။ ထို့နောက် ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင်ဗမာ့အမျိုးသားတပ်မတော်(ဘီအင်န်အေ)သည် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော် (ပီဘီအက်ဖ်)ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဤသည်မှာ တပ်မတော်ကို အမည်အမျိုးမျိုးပြောင်းလဲကာ ဖွဲ့စည်းခဲ့ကြခြင်းအကြောင်းဖြစ်သည်။
တပ်မတော်သည် မည်သို့သော အမည်များပြောင်းလဲနေစေကာမူ တိုင်းပြည်အတွက်သာအဓိကဖြစ်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ကြီးပွားရေးအတွက် စစ်ရေးဆိုင်ရာကိစ္စရပ်များတွင် အောင်မြင်အောင်ကြိုးစားသည်။ မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကာလသည် အလွန်ပင် ကြမ်းတမ်းခက်ခဲလှသည့် ကာလဖြစ်သည်။
တပ်မတော်သားများ၊ ပြည်သူများကြုံတွေ့ရသော အခက်အခဲများမှာ ပင်လယ်သမုဒ္ဒရာရေပြင်အဝှမ်းထက်ပင် များပြားလှသည်ဟုဆိုနိုင်သည်။
ထို့ကြောင့် ဖက်ဆစ်တော်လှန်ရေးကြီး အောင်မြင်ခဲ့သည်။ တပ်မတော်သားတို့၏ စစ်ရေးစွမ်းအားမှာလည်းမြင့်မားခဲ့သည်။ မတ်လ ၂၇ ရက်မှစပြီးတပ်မတော်သည် မည်သူ၏လက်အောက်ခံမှမဟုတ်ဘဲ မိမိတို့ဘာသာကိုယ်ပိုင် ရပ်တည်နိုင်သည့် တပ်မတော်ဖြစ်သည့်အတွက် ထိုနေ့ကိုတပ်မတော်နေ့ဟု သတ်မှတ်ခဲ့သည်။ တပ်မတော် အနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်ရမည်မှာ သမိုင်းပေးတာဝန်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တပ်မတော်(လေ) ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၄ ရက်တွင် တပ်မတော်(ရေ)ကို လည်းကောင်း စတင်ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာ့သမိုင်းတွင် ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်အထိဖြစ်ပွားခဲ့သည်။ တပ်မတော်အနေဖြင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားဆဲ ကာလဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ တစ်ကျော့ပြန်သိမ်းပိုက်သည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းရန်တိုက်တွန်းခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်ကလည်း မြန်မာပြည်ကို လွတ်လပ်ရေးမပေးဘဲ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းခဲ့လျှင် ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ထားပြီးဖြစ်သည်။
အင်္ဂလိပ်တို့အနေဖြင့် မျိုးချစ်ဗမာ့တပ်မတော်ကို မဖျက်သိမ်းရဲတော့ဘဲ ကန္ဒီစာချုပ်ချုပ်ဆိုကာ အရာရှိ ၂၀၀၊ တပ်သား ၅၂၀၀ နှင့်ဗမာ့တပ်မတော်အသစ်ကို ပြန်လည်ဖွဲ့စည်းရန် သဘောတူခဲ့ကြရသည်။ လွတ်လပ်ရေးရယူရန် ဖွဲ့စည်းထူထောင်ခဲ့သော တပ်မတော်သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းထူထောင်ပေါ်ပေါက်လာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် အတူ တပ်မတော်(ကြည်း၊ ရေ၊ လေ) တည်းဟူသော အင်အားကြီးတစ်ရပ်ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ဤသည်ကား လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် တပ်မတော်၏ သမိုင်းအကျဉ်းချုပ်ပင်ဖြစ်ပါတော့သတည်း။ ။