သက်ကြီးရွယ်အိုများနှင့် သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာ

Posted_Date

Image

သက်ကြီးရွယ်အိုများနှင့် သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာ

Body

သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းသည် သက်ကြီးရွယ်အိုများ  အထူးသဖြင့်  ဆေးရုံတက်နေရသူများ၊နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ကင်ဆာရောဂါများကဲ့သို့      နာတာရှည်ကျန်းမာရေးပြဿနာရှိသူများတွင်    တွေ့ရနိုင်ပါသည်။    လူဦးရေအခြေပြုလေ့လာမှုများအရ လူထုအတွင်း  သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာဖြစ်ပွားမှုသည် ၈ ရာခိုင်နှုန်းခန့်ရှိပြီး  အသက်ကြီးလာသည်နှင့်အမျှ သိသိသာသာ တိုးမြင့်လာကြောင်းတွေ့ရှိရသည်။  အသက် ၅၅ နှစ်နှင့်အထက် ပါဝင်သူများ၏ ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အသက် ၇၅ နှစ်ကျော်သူများ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်းတွင်အဖြစ်များပြီး ကျန်းမာရေးဌာနများ၊ ဘိုးဘွားရိပ်သာနှင့်  ဆေးရုံတက်လူနာများတွင်    ပို၍တွေ့ရသည်။ သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းကို ဆေးရုံတက်လူနာများ၏  ၁၅-၃၀ ရာခိုင်နှုန်းနှင့် သက်ကြီးလူနာများတွင်  ၅၀ ရာခိုင်နှုန်းအထိ တွေ့နိုင်ကြောင်းအစီရင်ခံထားပါသည်။ အသက်အရွယ်ကြီးခြင်းသည်သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းအန္တရာယ်   ဖြစ်နိုင်ခြေပိုများသောအချက်တစ်ခုဖြစ်သည်။     မကြာသေးမီ  ဆယ်စုနှစ်များတွင် သက်ကြီးရွယ်အိုလူဦးရေတိုးလာခြင်းနှင့်အတူ     သက်ကြီးရွယ်အိုများတွင်သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းနှင့်ဆက်စပ်သောရောဂါဖြစ်ပွားမှုများ    ပိုမိုတွေ့ရှိလာသောကြောင့် Hyponatremia ခေါ် သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာမှာ အရေးပါလာသည်။

သွေးတွင်းဆိုဒီယမ်ကို  "ပုံမှန်" အားဖြင့် ၁၃၅-၁၄၂ mmol/L အဖြစ်သတ်မှတ်သည်။ ဆိုဒီယမ်  ၁၃၅ mmol/L  အောက်ကျဆင်းသွားသောအခါ ယင်းကိုသွေးတွင်းဆိုဒီယမ်လျော့နည်းခြင်း Hyponatremia ဟုသတ်မှတ်သည်။   ခန္ဓာကိုယ်တွင် ဆိုဒီယမ်သည် အာရုံကြောကျန်းမာရေးနှင့်     ကြွက်သားများ၏ လုပ်ဆောင်မှုကို ထိန်းသိမ်းရန်၊   ခန္ဓာကိုယ်အတွင်းအရည်များကိုထိန်းညှိပေးပြီး အာရုံကြောများသို့ လှုံ့ဆော်မှုများပေးပို့ရန်အတွက်  မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်ဖြစ်သည်။   သွေးတွင်းဆိုဒီယမ်ပမာဏလျော့နည်းခြင်းသည်   သွေးထဲရှိ    ဆိုဒီယမ်ပမာဏ ပုံမှန်ထက်နည်းနေချိန် သို့မဟုတ် သွေးထဲတွင်       ရေပါဝင်မှုများလွန်းနေချိန်တွင်ဖြစ်ပေါ်ပြီး ရောဂါလက္ခဏာများနှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ဆိုဒီယမ်လျော့နည်းနိုင်သောအကြောင်းရင်းများ

သက်ကြီးရွယ်အိုများတွင်    သွေးတွင်းဆိုဒီယမ်လျော့နည်းရသောအကြောင်းရင်းများမှာအသက်အရွယ်ကြီးလာခြင်းကြောင့် ရေကိုစွန့်ထုတ်နိုင်စွမ်းကျဆင်းခြင်း၊ ခန္ဓာကိုယ်တွင်း စုစုပေါင်းရေပါဝင်မှုရာခိုင်နှုန်းလျော့နည်းလာခြင်း၊   ကျောက်ကပ်၏အတွင်းပိုင်းတွင်Prostaglandins ထုတ်လုပ်မှုလျော့နည်းသွားခြင်းတို့ကြောင့်ဖြစ်သည်။     နှလုံးချို့ယွင်းခြင်း၊ ကျောက်ကပ်နှင့်အသည်းရောဂါများကြောင့် ခန္ဓာကိုယ်အတွင်း   ပိုလျှံနေသော  အရည်များကို စွန့်ထုတ်နိုင်စွမ်းကျဆင်းသွားသဖြင့် ခန္ဓာကိုယ်အတွင်း အရည်များကျန်ရှိနေသောအခါ   ဆိုဒီယမ်ပါဝင်မှုအချိုးအစား လျော့နည်းသွားနိုင်သည်။ ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့်ရေတို့ကို ဟန်ချက်ညီအောင်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေသော ဟော်မုန်းထုတ်ပေးနိုင်သည့် အဒရီနယ်ဂလင်းများ၏စွမ်းရည်ကျဆင်းခြင်းနှင့် ခန္ဓာကိုယ်တွင် ပုံမှန်ဆီးသွားခြင်းကိုထိန်းထားနိုင်သော ADH ဟော်မုန်းကို အလွန်အကျွံထုတ်လုပ်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။  နာတာရှည်ရောဂါများကြောင့်ဆေးဝါးများ     မကြာခဏသောက်ရခြင်း ဥပမာ-ဆီးဆေးများ၊      တချို့သော အတက်ကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ စိတ်ကျရောဂါကုသသောဆေးအမျိုးအစားများကြောင့်  ဖြစ်နိုင်သည်။ ထို့ပြင် သွေးတိုးရောဂါ သို့မဟုတ်  နှလုံးရောဂါရှိသူများအနေဖြင့် ဆားဓာတ်နည်းသောအစာကို စားရခြင်းနှင့် အာဟာရချို့တဲ့မှုကြောင့် သွေးတွင်းဆိုဒီယမ် ကျဆင်းခြင်းကို ဖြစ်စေနိုင်သည်။ အဆုတ်ကင်ဆာ အပါအဝင် တချို့သောကင်ဆာရောဂါရှိသူများတွင်လည်း သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းပြဿနာတွေ့ကြုံနိုင်သည်။ နွေရာသီတွင် ကျောက်ကပ်ဆိုင်ရာလုပ်ဆောင်ချက်ချွတ်ယွင်းလာခြင်း၊   ဆားဆုံးရှုံးမှုများလာခြင်း၊    ဆားစားသုံးမှုလျော့နည်းခြင်း၊     ရေသောက်သုံးမှုတိုးလာခြင်းကြောင့် သွေးတွင်းဆိုဒီယမ်လျော့နည်းမှုပိုများသည်။  ထို့ပြင်  မကြာခဏပြင်းထန်စွာအော့အန်ခြင်း၊  ဝမ်းလျှောခြင်းနှင့် ချွေးအလွန်ထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ဆားများ ဆုံးရှုံးသွားခြင်းဖြစ်နိုင်သည်။

သွေးတွင်းဆိုဒီယမ်လျော့နည်းသောလက္ခဏာများ

သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်း    ရောဂါလက္ခဏာများ၏ပြင်းထန်မှုသည်  လျော့နည်းသောဆိုဒီယမ်ပမာဏ၊   လူနာ၏အခြေခံကျန်းမာရေး၊လျော့နည်းမှု၏ကြာချိန်နှင့်  ရောဂါလက္ခဏာများဖြစ်ပေါ်မှု၏ကြာချိန်ကဲ့သို့သော  အကြောင်းရင်းများစွာတွင်   မူတည်သည်။  နာတာရှည်ဆိုဒီယမ်လျော့နည်းခြင်းနှင့်ဆက်စပ်သော အပျော့စားလက္ခဏာများဖြစ်သည့်ပင်ပန်းနွမ်းနယ်ခြင်း၊မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လမ်းလျှောက်ရခက်ခြင်းကြောင့် ချော်လဲခြင်း၊ အရိုးပွရောဂါနှင့် အရိုးကျိုးခြင်းများအပေါ်  ဆိုးရွားသောသက်ရောက်မှုများသည် သက်ကြီးရွယ်အိုလူနာများတွင် မကြာခဏတွေ့ရပြီး   ပို၍ပြင်းထန်နိုင်သည်။

သွေးတွင်းဆိုဒီယမ် ပုံမှန်ထက်အနည်းငယ်လျော့နည်းခြင်းသည် အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ ၁၂၅ mmol/L အောက်လျော့ကျသွားလျှင် ပျို့အန်ခြင်း၊   အိပ်ငိုက်ခြင်း၊  ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ထုံထိုင်းခြင်းတို့ကို အများအားဖြင့်တွေ့ရသည်။ ထို့ပြင်  ၄၈ နာရီတွင် ရုတ်တရက် သွေးတွင်းဆိုဒီယမ်  ၁၁၅ mmol/L အောက် သိသိသာသာကျဆင်းသွားလျှင် ဖြစ်ပေါ်လာသည့်  ပြင်းထန်သောလက္ခဏာများဖြစ်သည့်   ပျို့ခြင်း၊  အော့အန်ခြင်း၊    ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ သတိမေ့မြောခြင်း၊ တက်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။

ကုသမှု

သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းအတွက် ကုသမှုသည် ယင်း၏ပြင်းထန်မှုနှင့် အရင်းခံအကြောင်းရင်းပေါ်မူတည်၍ ကွဲပြားသည်။ ပုံမှန်ထက်  အနည်းငယ်လျော့နည်းခြင်းတွင် ဆိုဒီယမ်များသောအစားအစာများကို စားသုံးခြင်း၊ချွေးအလွန်အကျွံထွက်ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်းကြောင့်ဖြစ်လျှင်ဓာတ်ဆားရည်များသောက်ခြင်းနှင့်  ဆားဖြည့်စွက်စာများ သောက်သုံးခြင်းဖြင့် သက်သာစေပါသည်။ တစ်ခါတစ်ရံတွင် အရည်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်နိုင်ခြေရှိသဖြင့်    သောက်သည့်အရည်ပမာဏကို လျှော့ချလိုက်ရုံဖြင့် ဆိုဒီယမ်ပမာဏကို ပုံမှန်ဖြစ်အောင်ကူညီပေးနိုင်သည်။   နှလုံးရောဂါ၊အသည်းရောဂါ၊  ကင်ဆာရောဂါရှိသူများနှင့် ဆီးဆေးများ သို့မဟုတ် ဆေးဝါးအများအပြားကို သောက်သုံးနေသူများ၊   နာတာရှည်လူနာများတွင်   သံသယရှိသောဆေးဝါး(များ)ကို  လတ်တလောရပ်ဆိုင်းခြင်းသည်  သွေးတွင်းဆိုဒီယမ်မြင့်တက်မှုကို အထောက်အကူပြုသည်။

သို့သော် သက်ကြီးရွယ်အိုများတွင် မကြာခဏသွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာဆေးဝါးများသည်  သွေးတွင်းဆိုဒီယမ်လျော့နည်းမှု ဖြစ်နိုင်ခြေရှိသော အရေးကြီးသည့်အချက်ဖြစ်သဖြင့်  လူနာများသည်  ကုထုံးကိုကောင်းစွာတုံ့ပြန်ပါက       (ဥပမာ- စိတ်ကျရောဂါတိုက်ဖျက်ရေးဆေးဖြင့်    ကောင်းစွာထိန်းချုပ်နိုင်သောလူနာ)ကုသမှုများကို    ရပ်ဆိုင်းရန်ဖြစ်သည်။သွေးတွင်းဆိုဒီယမ်လျော့နည်းမှုဖြစ်နိုင်သော ရောဂါအခံများ( ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊  အသည်းရောဂါ၊ အဒရီနယ်ဂလင်းများ၏ဟော်မုန်းမလုံလောက်မှုအပါအဝင်  တခြားဆေးဘက်ဆိုင်ရာပြဿနာများ)ကို  ရှာဖွေဖော်ထုတ်ကုသရန်လိုအပ်ပါသည်။ ပြင်းထန်သောအခြေအနေများတွင်   ဆိုဒီယမ်ပမာဏကို    လျင်မြန်စွာမြှင့်တင်ရန် သွေးကြောမှတစ်ဆင့်       ဆိုဒီယမ်များများပါသောဆားရည်ကို ဆရာဝန်များကပေးနိုင်သည်။

ဆိုဒီယမ်လျော့နည်းခြင်းကိုကာကွယ်ရန် နည်းလမ်းများ

ခန္ဓာကိုယ်တွင်    ဆိုဒီယမ်သည်     သွေးထုထည်၊ သွေးပေါင်ချိန်နှင့် ခန္ဓာကိုယ်အရည်များကို ထိန်းညှိပေးသောကြောင့် ပုံမှန်ဆိုဒီယမ်ပမာဏကို ထိန်းသိမ်းထားရန် အရေးကြီးပါသည်။  နေ့စဉ်  ဆားစားသုံးမှုသည် ၅ ဂရမ်ထက် မပိုစေရန်အတွက်  ရေနှင့် အရည်လုံလောက်စွာသောက်ရန်လိုအပ်သည်။  သို့သော် ရေဓာတ်လွန်ကဲခြင်းသည်လည်း     ပြဿနာတစ်ခုဖြစ်နိုင်သည်။ အများအားဖြင့် ရေငတ်ခြင်းနှင့် ဆီးအရောင်သည် ရေမည်မျှလိုအပ်ကြောင်းကို အထင်ရှားဆုံး ညွှန်ပြသည်။    ဆီးသည်    အဝါဖျော့ဖျော့(ကောက်ရိုးအရောင်) ဖြစ်နေလျှင်    ရေဓာတ်ပုံမှန်ဖြစ်သည်ဟုယူဆနိုင်ပါသည်။  ရေဓာတ်ခန်းခြောက်လျှင်   ဆီးအရောင်ရင့်နိုင်သဖြင့်  ရေလုံလောက်စွာ သောက်ရန်လိုအပ်သည်။

သက်ကြီးရွယ်အိုများတွင်     လက္ခဏာမပြသော်လည်း နာမကျန်းဖြစ်လျှင်   သွေးတွင်းဆိုဒီယမ်ကိုဂရုတစိုက် စုံစမ်းစစ်ဆေးမှု  ပြုလုပ်ရန်လိုအပ်သည်။ အဓိကအားဖြင့် နာတာရှည်ရောဂါလက္ခဏာရှိသောလူနာများကို ဆေးညွှန်းများပေးရာတွင် ဆိုဒီယမ်လျော့နည်းခြင်းကို သတိပြုကာကွယ်ရန်လိုအပ်သည်အထူးသဖြင့်  ဆီးဆေးများသည်    သက်ကြီးရွယ်အိုများတွင် ဆိုဒီယမ်လျော့နည်းခြင်း  အဖြစ်အများဆုံးအကြောင်းရင်းများထဲမှ  တစ်ခုဖြစ်သည်။ တချို့သော ကျန်းမာရေးအခြေအနေများဖြစ်လျှင် (ဥပမာ-အန်ခြင်းနှင့် ဝမ်းလျှောခြင်း၊ နွေရာသီတွင်ပြင်းထန်သောအပူဒဏ်ကို ခံစားရခြင်း) ဓာတ်ဆား ဖျော်ရည်များကို သောက်သုံးခြင်းသည် ဆုံးရှုံးသွားသော   ဆိုဒီယမ်နှင့်   ရေဓာတ်ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်ပါသည်။

အနှစ်ချုပ်မှာ သက်ကြီးရွယ်အိုများ၏  အထွေထွေကျန်းမာရေးသည် ခန္ဓာကိုယ်ရှိ ဆိုဒီယမ်သတ္တုဓာတ်ကို မှန်ကန်သောဟန်ချက်အတွင်း ထိန်းသိမ်းနိုင်ခြင်းအပေါ်မူတည်ပါသည်။ အကယ်၍  သွေးတွင်းဆိုဒီယမ်ပါဝင်မှုလျော့နည်းပါက  အစားအစာများတွင် ဆိုဒီယမ်ကြွယ်ဝသောအစားအစာပမာဏကို တိုးမြင့်စေခြင်း၊  အားဖြည့်အချိုရည်များ  သို့မဟုတ် ဓာတ်ဆားရည်များသောက်ခြင်းနှင့်    ဖြည့်စွက်ဆားများစားသုံးခြင်းက အနည်းငယ်လျော့နည်းခြင်းကိုသက်သာစေသည်။ အထူးသဖြင့် နှလုံး သို့မဟုတ် ကျောက်ကပ်ဆိုင်ရာ နာတာရှည်ပြဿနာများရှိနှင့်ပြီးဖြစ်သည့်သက်ကြီးရွယ်အိုလူနာများတွင် ဆေးဝါးများကို သတိဖြင့်ညွှန်းသင့်သည်။ထို့ပြင်သက်ကြီးရွယ်အိုလူနာများတွင် ဆိုဒီယမ်လျော့နည်းမှုဖြစ်နိုင်ခြေရှိသောဆေးဝါးများ သို့မဟုတ် အစားထိုးကုထုံးများကိုပမာဏနည်းပါးစွာအသုံးပြုခြင်းသည်လျော့နည်းခြင်းမှများသောအားဖြင့်ရှောင်ရှားနိုင်သည်။သက်ကြီးရွယ်အိုများ တွင် ခေါင်းကိုက်ခြင်း သို့မဟုတ် ပျို့အန်ခြင်း၊  ပင်ပန်းနွမ်းနယ်ခြင်း၊အိပ်ငိုက်ခြင်းကဲ့သို့သော  သွေးတွင်းဆိုဒီယမ်လျော့နည်းခြင်းလက္ခဏာများ ခံစားရပါက ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ရန်လိုအပ်ကြောင်း  သတိပေးအပ်ပါသည်။

Source: https://myawady.net.mm/stories