လိမ်ညာဝါဒဖြန့်ချိမှု ပြည်သူတွေ သတိပြု

Posted_Date

Image

လိမ်ညာဝါဒဖြန့်ချိမှု ပြည်သူတွေ သတိပြု

Body

မေလ ၁၂ ရက်က  စစ်ကိုင်းတိုင်းဒေသကြီး   ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ  စာသင်ကျောင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်ဖျက်မီဒီယာတွေမှာ လီဆယ်လုပ်ကြံဝါဒဖြန့်တဲ့ သတင်းတွေကို တွေ့ရတော့ အရင်ခေတ်က ပြည်သူတွေအကြားမှာ တွင်ကျယ်ပျံ့နှံ့ခဲ့တဲ့ ‘‘မိုးလုံးပြည့်မုသားဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်၊ BBC ညာနေသည်၊ VOA လိမ်နေသည်၊ RFA ရန်တိုက်ပေးနေသည်၊ အဲဒီ  ကုန်းချောသွေးထိုးသူများ မယုံလေနဲ့ သတိထား”ဆိုတဲ့ စာသားလေးကို ပြန်သတိရမိပါတယ်။ အဲဒီခေတ်က အခုလိုလူမှုကွန်ရက်မီဒီယာတွေ အားမကောင်းသေးပေမယ့် လေလှိုင်းထဲက ပြည်ဖျက်မီဒီယာတွေရဲ့ တိုင်းပြည်ဖျက်နေတာကိုတော့ ပြည်သူလူထုကြီးက ကောင်းကောင်းသိခဲ့ကြရပါတယ်။

အရင်ခေတ်က   ပြည်ပအခြေစိုက် ပြည်ဖျက်မီဒီယာတွေဟာ ရေဒီယိုရုပ်သံများကတစ်ဆင့်  တိုင်းပြည်ကို ဒုက္ခပေးခဲ့ကြပါတယ်။  တစ်စိတ်တစ်အိတ်လုပ်ပြီး လီဆယ်လုပ်ကြံခဲ့ကြတဲ့  မီဒီယာများ၏ သမိုင်းကြောင်းကို အခုလို ဒီပဲယင်း အိုးထိန်းတွင်းကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယှဉ်တွဲ  ရှင်းပြနေရတာက အကြောင်းရှိပါတယ်။ ခေတ်ကာလတွေ ဘယ်လိုပဲ ပြောင်းလဲလာပါစေ၊ ပြည်တွင်းပြည်ပအဖျက်အမှောင့် မီဒီယာတွေရဲ့ ခေတ်အဆက်ဆက် တိုင်းပြည်ဖျက်ဖို့ကြံရွယ် လုပ်ဆောင်နေတာတွေဟာ ယနေ့ထိတိုင် မရပ်တန့်သေးတာကို ပြည်သူလူထုသိစေချင်လို့ ဖြစ်ပါတယ်။

အခုလည်းဒီအတိုင်းပဲဖြစ်ပါတယ်။ အမှန်တရားက ဖိနပ်စီးနေတုန်း၊ မုသားက ကမ္ဘာပတ်နေပြီဆိုတဲ့အတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာဖြစ်စဉ်ကိုစနစ်တကျဇာတ်လမ်းဇာတ်ကွက်တွေဖန်တီးပြီး ဇာတ်ညွှန်းတွေရေးကာ ပြည်ဖျက်မီဒီယာတွေက တစ်ဆင့် ဝါဒဖြန့်ချိခဲ့ကြပါတယ်။ ဒါကြောင့် ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်၊ အမှန်တရားကို ဆန်းစစ်ပြပါမယ်။

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းစာသင်ကျောင်း ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်တာနဲ့ တစ်ပြိုင်နက်တည်းဆိုသလို  ပြည်ဖျက်မီဒီယာတွေမှာ တပ်မတော်က လေကြောင်းတိုက်ခိုက်လို့ ဖြစ်ရပါတယ်ဆိုပြီး အချိန်ကိုက်တင်လာကြပါတယ်။ သတင်းမှားသလား၊ မှန်သလားဆိုတာကိုတော့ ဘယ်သူမှ မဆန်းစစ်၊ မစိစစ်ကြတော့ပါဘူး။ ဒါကို တကယ်ဆန်းစစ်ကြည့်တဲ့အခါ အဲ့ဒီနေရာ အဲ့ဒီအချိန် အဲ့ဒီဒေသကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။

ဒါ့ကြောင့်လည်း  ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမ နှစ်ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၀  ဦးခန့် ထိခိုက်သေဆုံးခဲ့ရတယ်ဆိုပြီး    တရားမဝင်ပြည်ဖျက် မီဒီယာတွေက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်းကို လူမှုကွန်ရက်မီဒီယာတွေကနေ ကနဦးတုံ့ပြန်ဖြေရှင်းခဲ့သလို မေလ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေ မှာလည်း တရားမဝင်ပြည်ဖျက် မီဒီယာများရဲ့   မဟုတ်မမှန်သတင်းရေးသားဖြန့်ချိမှုဖြစ်ကြောင်း    ထုတ်ပြန်ပေးခဲ့တာကို တွေ့ရပါတယ်။

ပြည်ဖျက်မီဒီယာတွေကတော့ ဒီပေါက်ကွဲမှုသတင်းတွေကို  လုံးဝမရပ်တန့်ဘဲ   လီဆယ်လုပ်ကြံရိုက်ကူး ထုတ်လွှင့်နေခဲ့ကြပါတယ်။

သစ္စာဖောက်ဝန်ထမ်း(DCS) ကထိကဟောင်း လောက်ကောင် ဒေါ်ရတီအုန်းကလည်း ဇာတ်လမ်းဇာတ်ကွက်နဲ့တကွ ပြည်ဖျက်မီဒီယာတွေနဲ့ အင်တာဗျူးပြုလုပ်ပြီး သတင်းအမှားကို   လိမ်လည်အကောက်ကြံဝါဒဖြန့်လို့ မျက်ရည်ချူပြန်ပါတယ်။

ပြည်သူလူထုကို အလိမ်အညာမုသားတွေသုံးပြီး အစိုးရနဲ့တပ်မတော်ကို ပုံရိပ်ကျဆင်းအောင် လုပ်ကြံဖန်တီးထားတဲ့ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းပေါက်ကွဲမှုဖြစ်စဉ် အမှန်ကို အဲ့ဒီရွာက ဒေသခံ‌တွေဆီကို ဆက်သွယ်ပြီး   စုံစမ်းကြည့်ခဲ့ပါတယ်။ ဒီနေရာမှာ အကြမ်းဖက် NUG  လက်အောက်ခံ PDF တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆက်သွယ်ပြောကြားပေးတဲ့  ရွာသားနာမည်ကို ချန်လှပ်ထားလိုပါတယ်။

အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက် PDF တွေက သူတို့စခန်းအဖြစ် လုပ်ထားတာကြာပြီဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ သူတို့က မိုင်းတွေနဲ့ ဗုံးတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ မေလ ၁၂ ရက် မနက်ပိုင်းက   ကလေးတွေကို ဓာတ်ပုံရိုက်ဖို့အတွက် ကျောင်းကိုခေါ်ပြီးမှ သူတို့ PDF  အဖွဲ့တွေ  အစည်းအဝေး လုပ်မှာဖြစ်လို့ ကလေးတွေကို အိမ်ပြန်ခိုင်းခဲ့ပေမယ့် ကလေးတချို့ကတော့ မပြန်ဘဲ ကျောင်းဝင်းထဲမှာ ဆော့ကစားရင်း ကျန်ခဲ့တယ်လို့သိရပါတယ်။   အဲ့ဒီအချိန်မှာ စာသင်ကျောင်းထဲကနေ ကျယ်လောင်တဲ့ပေါက်ကွဲသံကို ကြားလိုက်ရပါတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲသံကြားလို့ စာသင်ကျောင်းဘက်ကို သွားကြည့်ကြပေမယ့် အကြမ်းဖက် PDF တွေက ကျောင်းအနားကို အလာမခံဘဲ  သူတို့ရွာသားတွေကို မောင်းထုတ်ပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာကို သူတို့ PDF  အဖွဲ့ကပဲ  ရှင်းလင်းမှုတွေ လုပ်တယ်လို့ အဲ့ဒီရွာသားကပြောပြပါတယ်။   သူတို့ရဲ့ခဲယမ်းတွေ ပေါက်ကွဲလို့ အခုဖြစ်တာမျိုးကိုမသိအောင်  အချိန်အကြာကြီး ရှင်းလင်းမှုတွေလုပ်နေလို့ တချို့ကလေးတွေဆိုရင် ဒဏ်ရာအနည်းငယ် ရပေမယ့် အချိန်မီကုသမှုမခံရလို့ သွေးထွက်လွန်ပြီး  သေဆုံးရတဲ့အထိဖြစ်ခဲ့တာလို့လည်း အဲ့ဒီရွာသားက ပြောပြပါတယ်။ အဲ့ဒီနေ့က သူတို့ရွာဘက်မှာ တပ်မတော်က လေယာဉ်ပျံတဲ့အသံကို ဘယ်သူမှမကြားမိဘူးလို့လည်းပြောပြပါတယ်။ ဖြစ်စဉ်အမှန်ကတော့ ဒီလိုပဲဖြစ်ပါတယ်။

အခုလို ပြည်ဖျက်မီဒီယာတွေရဲ့  လိမ်လည်လုပ်ကြံဖန်တီးနေတဲ့ ဒီပေါက်ကွဲမှုဖြစ်စဉ်ကို  အချက်သုံးချက်နဲ့ ယုတ္တိရှိ၊ မရှိ ဆန်းစစ်တင်ပြလိုပါတယ်။ ပထမတစ်ချက်က အကြမ်းဖက် NUG လက်အောက်ခံ PDF တွေဟာ ကျေးလက်ဒေသတွေမှာရှိတဲ့ စာသင်ကျောင်း၊ ကျေးလက် ကျန်းမာရေးဆေးပေးခန်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားစေတီ   ဓမ္မာရုံတွေမှာ စခန်းချတပ်စွဲနေမှုဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာ စာသင်ကျောင်း၊ မုံရွာမြို့နယ် စည်သာကျေးရွာစာသင်ကျောင်း၊ ရေစကြိုမြို့နယ် ဘုန်းတော်ပြည့်ကျေးရွာစာသင်ကျောင်းနဲ့ နန်းဦးကျေးရွာစာသင်ကျောင်း၊ ရေလယ်ကျွန်းဒေသ မြေတော်ကျေးရွာစာသင်ကျောင်း၊ ကသာမြို့နယ် မိုးတားလေးကျေးရွာမှာရှိတဲ့ ဘုရားစေတီပုထိုးများ၊   ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းစတဲ့နေရာတွေမှာ အကြမ်းဖက်သမားတွေ စခန်းချနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ    သွားရောက်တိုက်ခိုက် ရှင်းလင်းခဲ့ရတဲ့    ဖြစ်စဉ်တွေရှိခဲ့တာကို တွေ့ရပါတယ်။

ဒုတိယတစ်ချက်အနေနဲ့ကတော့ သူတို့အခြေပြုစခန်းလုပ်ထားတဲ့ စာသင်ကျောင်းတွေကို သိမ်းဆည်းရရှိတဲ့အခါ လက်လုပ်ခဲယမ်း၊ ဗုံးနဲ့ ဒုံးသီးမျိုးစုံသိုလှောင်ထားတာကို တွေ့ရှိသိမ်းဆည်းရမိသလို အဲဒီခဲယမ်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

တတိယအချက်ကတော့  အဲဒီလိုသိုလှောင်ထားတဲ့ လက်လုပ်ခဲယမ်းတွေရဲ့ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့ ရက်စွဲနဲ့  ပြည်ဖျက်မီဒီယာတစ်ခုကနေ ဖော်ပြထားမှုအရ ဒီပဲယင်းမြို့နယ်ထဲက အကြမ်းဖက်သမားတွေ ထုတ်လုပ်သိုလှောင်ထားတဲ့ လက်လုပ်ခဲယမ်းတွေ ပေါက်ကွဲမှုဖြစ်လို့    ထိခိုက်ဆုံးရှုံးခဲ့တယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ 

ဒီလိုဆိုရင်  အကြမ်းဖက်သမားတွေဟာ စာသင်ကျောင်းတွေမှာ စခန်းချတပ်စွဲမှု၊ သူတို့ စခန်းချတပ်စွဲတဲ့နေရာမှာ လက်လုပ်ခဲယမ်းမီးကျောက်တွေကို ထုတ်လုပ်သိုလှောင်ထားမှုနဲ့ အဲဒီခဲယမ်းမီးကျောက်တွေ အချိန်မရွေး ပေါက်ကွဲနိုင်မှုတို့ဟာ ဘယ်လိုမှငြင်းချက် ထုတ်လို့မရတဲ့အမှန်တရားတွေဖြစ်ပါတယ်။    အညာဒေသရဲ့ ပူပြင်းလှတဲ့နွေရာသီမှာ သိုလှောင်ထားတဲ့  လက်နက်ခဲယမ်းတွေ ပေါက်ကွဲပြီး ကလေးသူငယ် တွေကို ထိခိုက်စေခဲ့တာဖြစ်တယ်ဆိုတာ သေချာပါတယ်။

ဒီနေရာမှာ  တစ်ခုစဉ်းစားရမှာက စာသင်ကျောင်းကို တပ်မတော်ကလည်း ဗုံးကြဲမှာမဟုတ်ပါဘူး။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ     သူတို့ပြောသလို  လေယာဉ်ဗုံးဖြစ်နိုင်၊  မဖြစ်နိုင်  ဆန်းစစ်ကြည့်ကြပါ။ တကယ်သာ လေယာဉ်ဗုံးကြဲခဲ့တာဆိုရင်  အခုထက်ပိုမို ပျက်စီးမှာဖြစ်သလို အနက် ၁၆ ပေ အကျယ်ပေ  ၂၀  လောက်ရှိတဲ့ ကျင်းအနက်ကြီးတွေလည်း ဖြစ်သွားနိုင်ပါတယ်။ သူတို့ပြောသလို  ပေါင် ၅၀၀ ဗုံးသာဆိုရင်တော့ ပျက်စီးမယ့်ဧရိယာက ပေ ၁၆၀ ကနေ ပေ ၆၅၀ အထိ ပျက်စီးသွားမှာဖြစ်သလို အပိုင်းအစတွေက ပေ ၁၆၀၀ အထိ လွင့်စဉ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး  ဓာတ်ပုံတွေအရ ဒီလောက်ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုမျိုးကို  မတွေ့ရခြင်းကလည်း   NUG နဲ့ ဒေါ်ရတီအုန်းတို့ရဲ့  လီဆယ်လုပ်ကြံဖန်တီးထားမှုကို  ပိုမိုထင်ရှားစေပါတယ်။

ဒီသတင်းကို ဘာအတွက်ကြောင့် လီဆယ်လုပ်ကြံဖန်တီး ထုတ်လွှင့်ရသလဲဆိုတဲ့အချက်ကို ဆန်းစစ်ကြည့်တဲ့အခါ အကြမ်းဖက်သမားတွေအနေနဲ့ (၁) စာသင်ကျောင်းကို တပ်စခန်းအဖြစ် အသုံးပြုနေတာကို ဖုံးကွယ်လိုခြင်း။ (၂) စာသင်ကျောင်းကို ခဲယမ်းတိုက်သဖွယ် အသုံးချမှုကြောင့် ကလေးများသေဆုံးခဲ့တာကို အကြောင်းပြုပြီး တပ်မတော်ကို အပြစ်ပုံချခြင်းဖြင့်   တပ်မတော်ပုံရိပ်ကျဆင်းစေရန်   အချိန်ကိုက်လုပ်ဆောင်လိုခြင်း။ (၃) NUG ၊ PDF တို့အပေါ် ပြည်တွင်းပြည်ပ၏  အာရုံစူးစိုက်မှု ကျဆင်းလာသည်ကို ပြန်လည်မြှင့်တင်လိုခြင်း။ (၄) ယခုလုပ်ကြံသတင်းကတစ်ဆင့်  နိုင်ငံတကာနဲ့  လူထုကိုချပြခြင်းဖြင့် လူထုသနားကြင်နာမှုကို ပြန်လည်ရယူပြီး ကိုယ်ကျိုးအတ္တအတွက် ထပ်မံအလှူခံစား လိုခြင်းတို့ကြောင့်ဖြစ်တယ်လို့ ယူဆမိပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းပေါက်ကွဲမှု ဖြစ်စဉ်ဟာဆိုရင် NUG ၊ PDF နဲ့ ပြည်ဖျက်မီဒီယာတွေပူးပေါင်းပြီး  လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

PDF တွေရဲ့ ဉာဏ်ပညာကင်းမဲ့စွာနဲ့  စာသင်ကျောင်းကို စစ်စခန်း၊ ခဲယမ်းတိုက်သဖွယ် အသုံးချခဲ့တဲ့အကျိုးဆက်ကြောင့် အခုလို ကလေးသူငယ်တွေသေဆုံးမှုဖြစ်ပွားခဲ့တာကို စိစစ်တွေ့ရှိရပေမယ့် ပြည်ဖျက်မီဒီယာတွေနဲ့ပူးပေါင်းပြီး    တပ်မတော်ပုံရိပ်ကျဆင်းစေဖို့   ရည်ရွယ်ချက်ရှိရှိ ဇာတ်လမ်းဆင်ထိုးနှက် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပါတယ်။    ဗြိတိသျှ စစ်ပညာရှင်    ဆာရစ်ချက်ပြောသလို ‘‘ယနေ့ခေတ်စစ်ပွဲများသည် မီဒီယာမီးရောင်အောက်မှာ ဖြစ်ပွားကြရပြီး ရှုပ်ထွေးတဲ့သဘောရှိသည်’’ ဆိုတဲ့အတိုင်း  စစ်ပွဲမှာအသာစီးရဖို့အတွက် မီဒီယာမျိုးစုံသုံးပြီး ဇာတ်နာအောင်  ဝိုင်းဝန်း လိမ်ညာကြခြင်းဖြစ်ပါတယ်။ လုပ်ဇာတ်တွေခင်းကြပြီး မဟုတ်မမှန် ဝါဒဖြန့်ချိနေကြတာကလည်း ခေတ်သစ်စစ်ပွဲတွေမှာ ရန်သူရဲ့ခေါက်ရိုးကျိုးနေတဲ့ ဓလေ့စရိုက်ဖြစ်နေတာကို ပြည်သူများသတိပြုမိကြဖို့လိုပါတယ်။   ပြည်ဖျက်တရားမဝင် မီဒီယာတွေရဲ့   မုသားကိုသကာဖုံးထားတဲ့ ဒီပဲယင်းက အိုးထိန်းတွင်းရွာရဲ့ လိမ်ညာဝါဒဖြန့်ချိမှုများကို  ပြည်သူများက အသိ၊ သတိရှိရှိနဲ့ ဖြစ်စဉ် အကြောင်းရာသည် ယုတ္တိရှိ/မရှိ  စဉ်းစားချင့်ချိန်သုံးသပ်နိုင်ကြစေရန်   အကြံပြုရေးသားလိုက်ရပါတယ်။    ။

Source: https://myawady.net.mm/stories